ကမ္ဘာ့ ပျော်ရွှင်ချမ်းမြေ့ အစီရင်ခံစာ ၂၀၁၉ မှာ ဘာတွေ ပြောပြထားသလဲ


27 March, 2019

ကမ္ဘာ့ ပျော်ရွှင်ချမ်းမြေ့ အစီရင်ခံစာ The World Happiness Report ကို ကုလသမဂ္ဂအတွက် Sustainable Development Solutions Network က စစ်တမ်းတွေ ကောက်ယူပြီး နှစ်စဉ် ထုတ်ပြန်ပေးပါတယ်။ အခုလို နှစ်စဉ်နှစ်တိုင်း အစီရင်ခံစာ ထုတ်ပြန်တာကို ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့ပြီး တစ်နှစ်နဲ့တစ်နှစ် စူးစိုက်တဲ့အချက်တွေ အနည်းငယ် ကွာခြားမှု ရှိပါတယ်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘတစ်လွှားရှိ နိုင်ငံပေါင်း ၁၅၆ နိုင်ငံမှာ စစ်တမ်းတွေ ကောက်ယူပြီး ပျော်ရွှင်ချမ်းမြေ့မှုကို ဆန်းစစ်ပြီး ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။ ဆန်းစစ်မှုအတွက် အဓိကအားဖြင့် အခြေခံထားထဲ့ အချက် ၆ ချက် ရှိပါတယ်။
၁။ ဝင်ငွေ
၂။ လွတ်လပ်မှု
၃။ ယုံကြည်စိတ်ချမှု
၄။ ကျန်းမာသော လူ့သက်တမ်း
၅။ လူမှုရေး ထောက်ကူမှု
၆။ ရက်ရောမှု တို့ ဖြစ်ပါတယ်။

ယခုနှစ် ၂၀၁၉ အတွက် အစီရင်ခံစာမှာ ပျော်ရွှင်ချမ်းမြေ့မှုနဲ့ လူ့အသိုင်းအဝိုင်းတို့ကို ကြည့်ပြီး အကဲဖြတ်ထားတာမှာ နည်းပညာတွေ၊ လူမှုစံတွေ၊ ပဋိပက္ခတွေ၊ အစိုးရ မူဝါဒတွေက ပြောင်းလဲမှုကို ဘယ်လို တွန်းပို့ပေးသလဲဆိုတာကို အကဲဖြတ်ထားပါတယ်။

စစ်တမ်းကို Gallup စစ်တမ်းကောက် လုပ်ငန်းရဲ့ စစ်တမ်းကို အသုံးပြုထားပါတယ်။ ပျော်ရွှင်ချမ်းမြေ့မှု ဖြစ်ပေါ်စေတဲ့ လူတစ်ဦးချင်းအရ ဂျီဒီပီ၊ လူမှုထောက်ကူမှု၊ ကျန်းမာသော လူ့သက်တမ်း၊ လွတ်လပ်မှုအပေါ် ရှုမြင်ပုံ၊ ရက်ရောက်မှု၊ အကျင့်ပျက်ခြစားမှု နည်းပါးတဲ့အဆင့် စတဲ့အချက်တွေအရ နိုင်ငံတွေကို အမျိုးအစား အုပ်စု ခွဲထားပါတယ်။

အစီရင်ခံစာ ရေးသားရာမှာ ပါဝင်ခဲ့သူ တွဲဘက်အယ်ဒီတာ John F. Helliwel က
“စီးပွားရေး ကြီးထွားမှု မြင့်မားတာကြောင့်နဲ့တော့ ပျော်ရွှင်ချမ်းမြေ့မှု တိုးတက်ကောင်းမွန်မယ်လို့ ပြောလို့ မရဘူး။ အမှန်တကယ်က လူတွေရဲ့ လူမှုအချိတ်အဆက်တွေ၊ သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ ပျော်ရွှင်ချမ်းမြေ့မှုတွေကို အနာခံပြီးမှ စီးပွားရေး ကြီးထွားတိုးတက်နှုန်း မြင့်မားတာကို ရရှိတာ ဖြစ်ပါတယ်”
လို့ ပြောပြထားပါတယ်။

သာဓကအားဖြင့် စီးပွားရေး ပြန်ကောင်းလာနေတဲ့ အမေရိကန်ပြည်ထောင်စုဟာ အဆင့် ၁၉ အထိ ကျသွားတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်တာအတွင်း GDP ကြီးထွားမှု အင်မတန်ကြီးမားတဲ့ အိန္ဒိယနိုင်ငံဟာ အဆင့် ၁၄၀ မှာပဲ ဆက်ရှိနေပါတယ်။

အာရှရဲ့ ပျော်ရွှင်ချမ်းမြေ့မှု
အာရှနိုင်ငံတွေကို ကြည့်ရင် မြန်မာနိုင်ငံက အဆင့် ၁၃၁ မှာ ရှိနေပြီး သီရိလင်္ကာနိုင်ငံက အဆင့် ၁၃၀ မှာ ရှိပါတယ်။ အာရှရဲ့ ပျော်ရွှင်ချမ်းမြေ့မှု Top 10 စာရင်းမှာ တိုင်ဝမ်က အဆင့် ၂၅ နဲ့ ပထမနေရာမှာ ရှိနေပြီး စင်ကာပူနိုင်ငံက အဆင့် ၃၄ နဲ့ ဒုတိယ နေရာမှာ ရှိနေပါတယ်။ ကျန်တဲ့ ၈ နိုင်ငံနဲ့ အဆင့်တွေကတော့ ထိုင်း(၅၂)၊ ပါကစ္စတန်(၆၇)၊ ဖိလစ်ပိုင်(၆၉)၊ ဟောင်ကောင်(၇၆)၊ မလေးရှား(၈၀)၊ မွန်ဂိုးလီးယား(၈၃)၊ အင်ဒိုနီးရှား(၉၂)နဲ့ တရုတ်(၉၃) တို့ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံများရဲ့ ပျော်ရွှင်ချမ်းမြေ့မှု
ကမ္ဘာပေါ်မှာ ဖင်လန်နိုင်ငံက ပျော်ရွှင်ချမ်းမြေ့မှု အရှိဆုံးနိုင်ငံအဖြစ် ပထမနေရာကို ရရှိခဲ့တာ နှစ်နှစ်ဆက်တိုက် ရှိပါပြီ။ အစီရင်ခံစာမှာ ဖင်လန်နိုင်ငံအကြောင်းကို ပြောပြထားတာမှာ လူမှုဖူလုံရေးအတွက် ဆောင်ရွက်ထားတာ တောင့်တင်းတယ်။ အိုးအိမ်မဲ့တွေ ပပျောက်အောင် လုပ်နိုင်ခဲ့တယ်။ အဆင့်အတန်း မြင့်မားတဲ့ ပညာရေးစနစ် ပေးအပ်ဖို့အတွက်လည်း သံဓိဋ္ဌာန် ချထားတယ်။ လိင်အရ ခွဲခြားနှိမ်ချတာကိုလည်း အနည်းဆုံးဖြစ်အောင် လုပ်သွားမယ်။

အင်မတန်ထူးခြားတဲ့အချက်ကတော့ လူဦးရေ ၅ သန်းခွဲရှိတဲ့ ဖင်လန်နိုင်ငံမှာ ကျောင်းတက်နေတဲ့ သားသမီးတွေနဲ့ အတူနေပေးတဲ့အချိန်မှာ ဖခင်တွေက မိခင်တွေထက် ပိုမိုများပြားနေတာ ဖြစ်ပါတယ်။ အခုလို အဖြစ်မျိုးကို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အလွန်တွေရခဲပါတယ်။
၁။ ဖင်လန်
၂။ ဒိန်းမတ်
၃။ နော်ဝေး
၄။ အိုက်စလန်
၅။ နယ်သာလန်
၆။ ဆွစ်ဇာလန်
၇။ ဆွီဒင်
၈။ နယူးဇီလန်
၉။ ကနေဒါ
၁၀။ သြစတေးလျ

စိတ်ပျက်ဝမ်းနည်းမှု အများဆုံး နိုင်ငံများ
ကမ္ဘာ့ ပျော်ရွှင်ချမ်းမြေ့ အစီရင်ခံစာ ၂၀၁၉ မှာ စိတ်ပျက်ဝမ်းနည်းမှု အများဆုံး ၁၀ နိုင်ငံကိုလည်း တွေ့ရပါတယ်။
၁။ တောင်ဆူဒန်
၂။ အာဖရိကအလယ်ပိုင်း သမ္မတနိုင်ငံ
၃။ အာဖဂန်နစ္စတန်
၄။ တန်ဇန်းနီးယား
၅။ ရဝမ်ဒါ
၆။ ယီမင်
၇။ မာလာဝီ
၈။ ဆီးရီးယား
၉။ဘော့စွာနာ
၁၀။ဟေတီ

Industry Reviews Read 396 times