ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးသည် အနီရောင် အဆင့်၊ အန္တရာယ်ကျရောက်နေသည့်အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်ကြောင်း၊
စီးပွားရေးလုပ်ငန်းများ ဒေဝါလီခံနေရသည့် အနေအထားသို့ အဆိုးဆုံးထိခိုက်နေကြပြီဖြစ်ကြောင်း၊ ဝင်ငွေနည်းသည့်နိုင်ငံများနှင့် ဝင်ငွေ အလယ်အလတ်အဆင့်ရှိနိုင်ငံများ၊ အထူးသဖြင့် အာဖရိကနှင့် လတ်တင်အမေရိကနိုင်ငံများတွင် ကြွေးမြီများထူပြောကာ စီးပွားရေး ဆိုးဝါးစွာ ထိခိုက်လျက်ရှိကြောင်း၊
နိုင်ငံများ၏ စီးပွားရေးသည် အနီရောင်အဆင့်သို့ နစ်ဝင်နေကြပြီဖြစ်သလို ထွန်းသစ်စနိုင်ငံများတွင် အလွန်မြင့်မားသည့် ကြွေးမြီအန္တရာယ်သို့ ရောက်ရှိလာနေပြီး နိုင်ငံအများစုမှာ ကြွေးမြီပြဿနာများနှင့် ရင်ဆိုင်နေကြရပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ စီးပွားရေးသုတေသီချုပ်ဖြစ်ခဲ့သူ ယခု Harvard တက္ကသိုလ်၏ စီးပွားရေးပညာရှင် Mr. Kenneth Rogoff က ပြောကြားခဲ့ကြောင်း ၁၁-၁-၂၀၂၁ ရက်နေ့ထုတ် The Washington Post သတင်းစာတွင် ဖော်ပြထားပါသည်။
၂၀၂၀ ပြည့်နှစ်အကုန်တွင် ကမ္ဘာတစ်ဝန်းရှိ အစိုးရကြွေးမြီစုစုပေါင်းသည် အမေရိကန် ဒေါ်လာ ၉ ထရီလီယံထိ မြင့်တက်လာခဲ့ပြီး ကမ္ဘာ့ဂျီဒီပီ၏ ၁၀၃ ရာခိုင်နှုန်းထိ ရောက်ရှိခဲ့ကြောင်း၊ ယင်းသည် တစ်နှစ်အတွင်း ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း အပြည်ပြည် ဆိုင်ရာငွေကြေးသိပ္ပံ၏ ထုတ်ပြန်ချက်အရ သိရပါသည်။
နိုင်ငံများအနေနှင့် ကပ်ရောဂါကြောင့် အခွန်ငွေများ ကျဆင်းပြီး အလုပ်လက်မဲ့ထောက်ပံ့မှုများအတွက် များစွာသုံးစွဲကြရသည့်အပြင် ဆေးရုံးသုံး ပစ္စည်းကိရိယာများ ဝယ်ယူခြင်း၊ ကျန်းမာရေးလုပ်သားများစွာ အသုံးပြုခြင်း၊ ကပ်ရောဂါ ကာကွယ်ဆေး ဝယ်ယူခြင်းတို့အတွက် ကြွေးမြီများစွာ ရယူကြရကြောင်း ဖော်ပြထားပါသည်။
အမေရိကန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ပြီးကတည်းက ကြုံတွေ့ဖူးခြင်းမရှိသည့် ကြွေးမြီမြင့်မားမှုကို ယခု ကပ်ရောဂါကာလအတွင်း ကြုံတွေ့နေရကြောင်း၊ သို့သော်လည်း ချမ်းသာသည့်နိုင်ငံများသည် ဆင်းရဲသည့်နိုင်ငံများထက် ကြီးထွားလာသည့် ကြွေးမြီပြဿနာကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်ကြောင်း၊
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ - IMF နှင့် ကမ္ဘာ့ဘဏ် -World Bank တို့မှ အထိခိုက်ဆုံးနိုင်ငံများကို အကူအညီများ ထောက်ပံ့ကာဖြေရှင်းပေးကြပြီး ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများကလည်း ဆင်းရဲသည့်နိုင်ငံများမှ ၎င်းတို့အား ပြန်လည်ပေးဆပ်ရမည့် ကြွေးမြီများ ပေးဆပ်ရမည့်နေ့ကို နောက်ဆုတ်ပေးရန် အစီအစဉ်တစ်ရပ်ကို အောက်တိုဘာလက ထုတ်ပြန်ပေးခဲ့ကြောင်း၊ နိုဝင်ဘာလတွင် ဖွံ့ဖြိုးမှုနည်းသည့်နိုင်ငံများသို့ တစ်ချို့သော ကြွေးမြီသက်သာခွင့်ပေးရန် သဘောတူခဲ့ကြကြောင်း ဖော်ပြထားပါသည်။
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလထုတ် World Economic Outlook ၌ ကြွေးမြီနှင့် ဂျီဒီပီအချိုးဖော်ပြချက်တွင် ကြွေးမြီက ဂျီဒီပီထက်ပိုများသည့်နိုင်ငံများတွင် အမေရိကန်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယမ်၊ စင်ကာပူနိုင်ငံများ ပါဝင်ပြီး ဂျပန် နှင့် ဂရိနိုင်ငံတို့သည် ကြွေးမြီက ဂျီဒီပီ နှစ်ဆထိ မြင့်တက်နေကြောင်း၊
IMF ၏ လေ့လာချက်အရ ဝင်ငွေနည်းပါးသည့်နိုင်ငံ ၃၈ နိုင်ငံသည် ကြွေးမြီဒုက္ခ “Debt Distress” အဆင့်သို့ ရောက်ရှိခြင်း (သို့မဟုတ်) ယင်းအခြေအနေသို့ ရောက်ရှိနိုင်ကြေင်း၊ ယင်းနိုင်ငံများအနက် ကောစကာရီကာ နိုင်ငံသည် “National Bankruptcies” အခြေအနေသို့ ရောက်ရှိနိုင်ကြောင်း၊ ယင်းသို့ ဝင်ငွေ နည်းပါးသည့် နိုင်ငံများအဖြစ် သီရိလင်္ကာ၊ အင်ဂိုလာ၊ ဇမ်ဘီယာ၊ မိုဇမ်ဘစ်နှင့် ဆူဒန်နိုင်ငံတို့ကို ဖော်ပြထားပြီး မြန်မာနိုင်ငံနှင့်ပတ်သက်၍ အထူးဖော်ပြခြင်းမပြုပဲ မြေပုံဇယား၌ နိုင်ငံကြွေးမြီသည် ဂျီဒီပီ၏ ၅၀ ရာခိုင်နှုန်းအောက်ရှိ နိုင်ငံများစာရင်းတွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
ကပ်ရောဂါကာလတွင် ခရီးသွားလုပ်ငန်းအပေါ် အားထားကြသည့်နိုင်ငံများ၏ စီးပွားရေး ဆိုးဆိုးဝါးဝါးထိခိုက်ကြကြောင်း၊ ရေနံဈေးကျဆင်းသည့်အတွက်လည်း ရေနံထုတ်လုပ်မှုပေါ် အဓိကအားထားရသည့် နိုင်ငံများလည်း ထိခိုက်ကြကြောင်း၊
၂၀၃၀ တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အပြည့်အဝပြောင်းလဲရန် ကတိကဝတ်ပြုခဲ့သည့်နိုင်ငံများသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ကြရမည်ဖြစ်သောကြောင့် အနာဂတ်စီးပွားရေးတွင် ကြွေးမြီကြောင့် စိတ်ခေါ်မှုများ ရင်ဆိုင်ကြရနိုင်ကြောင်း၊ တိုင်းပြည်စီးပွားရေးအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ်ရေးကို အားထား၍မရနိုင်တော့သည့်အတွက် အခြားသောနည်းလမ်းများကို မလွဲမသွေ ရှာဖွေကြရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
myantrade