ရာသီဥတုပူပြင်းနေပေမဲ့လည်း စိုက်ပျိုးမြေလယ်ယာတွေအတွက် ရေပေးဝေမှုကို ဧကပေ ၁၁ သန်း ထက်ပိုပြီး ထပ်မံတိုးပေးဖို့ မရှိဘူးလို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပေးနိုင်တဲ့ ပမာဏကတော့ အဲဒီလောက်ပဲရှိတယ်။ ရာသီဥတုက ပူတော့ ရေတောင်မှ အငွေ့ပျံတာတွေ ဘာတွေနဲ့ နည်းနည်း လုံလုံလောက်လောက်တော့ ရှိတယ်လို့ ပြောပါတယ်။
တောင်သူတွေအနေနဲ့ ရာသီဥတု ပူပြင်းမှုကြောင့် ပျိုးထောင် ရေရရှိမှုမှာ အခက်အခဲ အနည်းငယ် ရှိနေတယ်လို့ သိရပါတယ်။ သည်အချိန်မှာ ရေရှိရင် သစ်သီးဝလံ စိုက်ပျိုးမှုမှာ ပျိုးခင်းတွေ ပြင်ဆင်ထားနိုင်မှာ ဖြစ်ပေမဲ့ မိုးမရွာလို့ ရေရရှိမှု ခက်ခဲနေတယ်လို့ သိရပါတယ်။
နေပြည်တော် ကိုးရာသပြေကုန်းရွာမှ တောင်သူ ဦးလှဦးက ပျိုးထောင်ရေရရှိမှုမှာ အရမ်းအခက်အခဲရှိတာ။ တန်ခူးလဆို ရေတောင်မလုံလောက်ဘူး။ သစ်သီးဝလံစိုက်ဖို့က အဲဒီလို ရေမလုံလောက်လို့ကတော့ ဘာမှမရဘူး။ ဒီမြောင်းတွေထဲ အခုချိန်ဆို ထည့်ပေးထားရမှာလေ။ အဲဒါဆို ကျွန်တော်တို့လဲ နှမ်းကြဲတာတွေ သစ်သီးဝလံ စိုက်တာတွေ ပျိုးခင်းတွေ ဘာတွေ ပြင်ဆင်ထားလို့ရတာပေါ့လို့ ပြောပါတယ်။
ရေပေးဝေတဲ့အခါမှာလည်း ကြီးစဉ်ငယ်လိုက် ရရှိတဲ့အတွက် အောက်ဘက်ရှိတဲ့ လယ်တွေက ရေရတဲ့အခါမှာ နောက်ဆုံး ဖြစ်နေတာတွေရှိတယ်။ တစ်နေရာနဲ့ တစ်နေရာအခက်အခဲတွေတော့ မတူကြဘူးလို့ တောင်သူအချို့ဆီက သိရပါတယ်။
တောင်သူတစ်ဦးကလည်း အခက်အခဲကတော့ အရမ်းတော့မရှိပါဘူး၊ အစ်မတို့က ရေပေးဝေတဲ့နေရာနဲ့လဲ နီးတယ်၊ အဲဒီလိုအခက်အခဲတွေတော့ မရှိပါဘူးလို့ ပြောပါတယ်။
အရင်နှစ်တွေက မိုးရွာတော့ ရေရရှိပေမဲ့ သည်နှစ်မှာတော့ မိုးရေမရရှိသေးလို့ စိုက်ပျိုးရေ အခက်အခဲရှိနေတယ်လို့လည်း တောင်သူအချို့က ပြောပါတယ်။
Kumudra