မင်္ဂလာဒုံစက်မှုဇုံ၊ မှန်ဘီလူးစက်ရုံ မှ အလုပ်သမား ၃၀၀၀ ကျော် စက်ရုံ အပြင်ထွက်ခွင့်မရ ၊ စားဝတ်နေရေးနှင့် ဆေးဝါး အကူအညီလိုအပ်နေဟုဆို


05 October, 2020

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံစက်မှုဇုန်၊ အလယ်ပေါက်ရှိ Myanmar Asia Optical မှန်ဘီလူးစက်ရုံရှိ အလုပ်သမားများအားစက်ရုံအပြင်ထွက်ရန်ကန့်သတ်ထားသဖြင့်ဝန်ထမ်းသုံးထောင်ခန့်စားဝတ်နေရေးခက်ခဲနေကြပြီး ဆေးဝါးအကူအညီများလည်းလိုအပ်နေကြောင်း အဆိုပါစက်ရုံအလုပ်သမားများမှ Myanmar Labour News ကိုပြောပါတယ်။

"စက်တင်ဘာ ၂၇ ရက်နေ့မှာ စက်ရုံကတစ်ယောက်ကအနံ့မရလို့ဆိုပြီးဆေးရုံပို့လိုက်တာ စဖြစ်တာတော့တစ်ယောက်ထဲပေါ့။နောက်ပိုင်းကြစက်ရုံက နှစ်ပတ်ပိတ်ထားပေမဲ့ ဝန်ထမ်းတွေကိုအဆောင်ထဲမှာသီးသန့်ထား အပြင်လည်းပေးမထွက် အပြင်ထွက်ပြီးရင်လည်းပြန်ဝင်လို့မရဘူးဆိုပြီးပြောတယ်။နယ်ဝေးတဲ့လူတွေကြပြန်ဖို့က အခုကာလမှာအဆင်မပြေဘူးလေ။

နီးတဲ့လူတွေကြတော့ပြန်ကြတာပေါ့။စက်ရုံကထမင်း၊ဟင်းကျွေးပေမဲ့စားရတာအဆင်မပြေတော့ မစားနိုင်ကြဘူး။အပြင်ထွက်ဝယ်ဖို့ ဆေးဝါးလိုတာဝယ်ဖို့တွေအရမ်းအခက်အခဲဖြစ်နေတာပေါ့။လောလောဆယ်လူနာ ၈ ယောက်တွေ့ပြီလို့ကြားတယ်။စက်ရုံအတွင်းမှာလည်းဖျားနာတဲ့လူတွေအနံမရတဲ့လူတွေတိုးလားတယ်"ဟု Myanmar Asia Optical စက်ရုံမှ leaderတစ်ဦးက ဆက်သွယ်ပြောဆိုလာပါတယ်။

မှန်ဘီလူးစက်ရုံသည် အလုပ်သမား ငါးထောင်ကျော်ဖြင့်လည်ပတ်နေခြင်းဖြစ်ပြီးစက်ရုံအတွင်း နေစရာအဆောင်များစီစဉ် ပေးကာ ထမင်း၊ဟင်းပါစီစဉ်ပေးခြင်းဖြစ်ပြီး ယခုအခါစက်ရုံယာယီပိတ်ထားသော်လည်း နယ်ဝေးမှလာရောက်သည့်ဝန်ထမ်းများအနေဖြင့်ပြန်ရန်ခက်ခဲနေပြီး စက်ရုံတွင်ဝန်ထမ်းသုံးထောင်ကျော်ကျန်ရှိပြီး စက်ရုံအပြင်ထွက်မရသည့်အတွက် စားသောက်ရေးအပြင် ဆေးဝါးဝယ်ယူရေးပါခက်ခဲနေကြောင်းသိရပါတယ်။

"လုပ်ခလစာက ၅ ရက်နေ့ကဘဏ်ကဒ်တွေထဲထည့်ပေးပါတယ်။အရင်လိုလစာမကောင်းဘူးပေါ့။အခုပိတ်ရက်တွေကိုလစာတွေဖြတ်ထားပါတယ်။အခုကအဆောင်တစ်ခန်းကို ၁၆ ယောက်နေရတော့ အရမ်းနီးကပ်မှုရှိတော့ တစ်ခုခုဆို ကူးစက်နိုင်မှုများတာပေါ့။အဲ့ဒါကိုလည်းစိုးရိမ်ပူပန်နေကြတယ်"ဟု Myanmar Asia Optical စက်ရုံမှဝန်ထမ်းတစ်ဦးကပြောပါတယ် ။

Myanmar Asia Optical စက်ရုံသည် ဖုန်းများ၊တီဗီများတွင်ထည့်သွင်း အသုံးပြုသည့် မှန်ဘီလူးအမျိုးအစား အမျိုးမျိုးကိုထုတ်လုပ်သည့် စက်ရုံဖြစ်ကြောင်းသိရပါတယ်။

MyanmarLabourNews

Local News Read 1623 times