မြန်မာသီလဝါ အက်စ်အီးဇက် ဟိုးဒင်းလီမိတက် (MTSH) ကုမ္ပဏီတွင်း အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများကို ရှယ်ယာရှင်များ သံသယကင်းသည်အထိ ဖြေရှင်းမှုများလုပ်သွားမည်ဟု ကုမ္ပဏီ၏ ဥက္ကဌ ဦးဝင်းအောင်က ပြောသည်။
MTSH ကုမ္ပဏီ၏ ငါးကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ Myanmar Event Park ခန်းမတွင် ကျင်းပခဲ့သည်။
အငြင်းပွားမှု
********
ထိုနှစ်ပတ်လည်အစည်းအဝေးတွင် ရှယ်ယာရှင်များသို့ ရှင်းလင်းစွာ ဖြေကြားပေးရန် ကြိုတင်တင်သွင်းထားသော မေးခွန်းများကို ဥက္ကဋ္ဌဖြစ်သူက ပြည့်စုံစွာ ဖြေကြားပေးခြင်းမရှိဟုဆိုသော အချက်မှတစ်ဆင့် ဘုတ်အဖွဲ့ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးသိန်းဟန်နှင့် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းအောင်အပါအဝင် အခြားသောဒါရိုက်တာများအကြား အငြင်းပွားမှုများစတင်ခဲ့ခြင်း ဖြစ်သည်။
'' နှစ်ပတ်လည် အစည်းအဝေးမှာ ပြောခဲ့တာတွေကလည်း ကျိုးကြောင်းလည်း မဆီလျော်ဘူး။ အမှန်တရားနဲ့ အများကြီး ကင်းကွာနေတယ်။ ဒါကြောင့် ရှယ်ယာရှင်တွေအနေနဲ့ စိုးရိမ်စိတ် မရှိစေချင်ဘူး။ အခုကြည့်ရတဲ့အခါမှာ ရှယ်ယာအပြောင်းအလဲ ( မူလပိုင်ရှင် ရောင်းဝယ်မှုအပြောင်းအလဲ ) က မရှိသလောက်နည်းပါတယ်။ ကျွန်တော်ကလည်း စိုးရိမ်တော့ မနက်မိုးလင်းတာနဲ့ ရှယ်ယာတန်ဖိုး အပြောင်းအလဲကိုပဲ အရင်ကြည့်နေရတယ်။ အဓိကအချက်ကတော့ ရှယ်ယာရှင်တွေကို မထိခိုက်စေချင်ဘူး။ မေးခွန်းလွှာနဲ့အတူ တစ်ဘက်က ပြောဆိုချက်တွေကိုလည်း ရှယ်ယာရှင်တွေ လုံးဝသံသယကင်းရှင်းဖို့ အတွက် ဖြေရှင်းပြတာကို လုပ်သွားမှာပါ။ အခုဖြစ်နေတဲ့ကိစ္စတွေ အားလုံးကိုတော့ မြန်မာငွေချေးသက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မရှင်ရဲ့ လမ်းညွှန်မှုအောက်မှာပဲ ဥပဒေဘောင်အတွင်းကနေ လုပ်သွားမှာပါ '' ဟု MTSH ၏ ဥက္ကဌ ဦးဝင်းအောင်က ပြောသည်။
ဖြေရှင်းပေးမှု
*********
ကြိုတင် မေးခွန်းများတွင် ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်အတွင်းက MTSH ကုမ္ပဏီပိုင် ငွေကြေးများ အနက် ငွေကျပ် သိန်းတစ်ထောင်ကျော်ကို ဦးဝင်းအောင်ပိုင် ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်က ထုတ်ယူခဲ့သည့် ကိစ္စရပ်ကို ဖြေရှင်းပေးရန် Myanmar Ediblie Oil Industries Public Corporation ( MEICO ) အများပိုင်ကုမ္ပဏီက တင်သွင်းခဲ့ခြင်းဖြစ်သည်။ MEICO သည် MTSH ကုမ္ပဏီကို မူလတည်ထောင်သူ အများပိုင်ကုမ္ပဏီ ၉ ခုအနက် တစ်ခုအပါအဝင်လည်းဖြစ်သည်။
အဆိုပါ ငွေများသည် အထူးစီးပွားရေးဇုန် စတင်ရန်အတွက် ဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာချက် ( Feasibility Study )လုပ်ကိုင်ရန် ဦးဝင်းအောင်ပိုင်ဆိုင်သည့် ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီက စိုက်ထုတ်သုံးစွဲထားသည့် ငွေလည်းဖြစ်သည်။
သီလဝါ အထူးစီးပွားရေးဇုန်သည် MTSH ကုမ္ပဏီနှင့် ဂျပန်ဘက် ကုမ္ပဏီတစ်ခုဖြစ်သည့် MJTD-Myanmar Japan Thilawa Development Company တို့အကျိုးတူပူးပေါင်း တည်ထောင်ဆောင်ရွက်နေသည့် စီမံကိန်းလည်းဖြစ်သည်။
သို့သော် အဆိုပါ Feasibility Study ဆောင်ရွက်ချက်ကိုမူ ဂျပန်ဘက်ကုမ္ပဏီ MJTD က ကျေနပ်မှုမရှိသဖြင့် Feasibility Study အသစ်တစ်ရပ်ကို ပြန်လည်လုပ်ကိုင်ခဲ့သည်။ ၎င်းကုန်ကျစရိတ်သည် MJTD ဘက်မှ ကုန်ကျခံရန် ငြင်းဆိုထားသည့် ငွေကြေးလည်းဖြစ်နေသည်။ သို့အတွက် ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီအနေဖြင့် ၎င်းကုန်ကျစရိတ်ကို ပြန်လည်ထုတ်ယူခြင်းအပေါ် MEICO က မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။
'' ဒီငွေကြေးပြဿနာက ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်မှာကတည်းက စာရင်းစစ်တဲ့အချိန်မှာ တွေ့ခဲ့တာပါ။ ဒါကိုဘုတ်အဖွဲ့တွေက သဘောတူမှုရှိခဲ့တာကြောင့် စာရင်းပြေလည်မှုရှိခဲ့တဲ့ ကိစ္စတစ်ရပ်လည်း ဖြစ်ပါတယ်။ အခု ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်ရောက်တော့မှ ဖြေရှင်းပေးဖို့ တောင်းဆိုလာတယ်ဆိုတာက တစ်မျိုးကြီးတော့ ဖြစ်နေပါတယ်''ဟု MTSH ကုမ္ပဏီ၏ ပြင်ပစာရင်းစစ်အဖွဲ့အဖြစ် တာဝန်ယူသည့် ဦးဝင်းသင်က အစည်းအဝေးတွင်ပြောခဲ့သည်။
MTSH ကုမ္ပဏီတွင် စီအိုအိုရာထူးအဖြစ် ထမ်းဆောင်ခဲ့သူ မလေးရှားနိုင်ငံသား Mr Law Teck Wee ကလည်း ရုံးတွင်းအချက်အလက်များပါဝင်သည့် ရုံးသုံးကွန်ပျူတာအား ရုံးပြင်ပသို့ထုတ်ယူသွားခဲ့သည့် ဖြစ်ရပ်ရှိခဲ့သည်။ ထိုစဉ်က ဘုတ်အဖွဲ့တာဝန်ရှိသူအချို့မှ လမ်းမတော်ရဲစခန်းတွင် အမှုဖွင့်ထားခဲ့သည်။ သို့သော် ဥက္ကဋ္ဌနှင့် ဒါရိုက်တာအချို့ အရေးပေါ်အစည်းအဝေးတစ်ရပ် လုပ်ဆောင်ကာ ၎င်းအမှုအား ရဲစခန်းတွင် အမှုပိတ်သိမ်းသည့် ဖြစ်ရပ်တစ်ခုလည်း ရှိခဲ့သည်။ ထို့အတွက် ရှယ်ယာရှင်ဦးသက်ထွန်းဦးမှ ၎င်းကိစ္စရပ်ကို ဖြေရှင်းပေးရန် နှစ်ပတ်လည်အစည်းအဝေးတွင် ကြိုတင်မေးခွန်းပေးပို့ထားသည်။
သို့သော် အစည်းအဝေး၌ ၎င်းမေးခွန်းအပေါ် ရှင်းလင်းစွာ ပြန်လည်ဖြေကြားပေးမှု မရှိသည့်အပေါ်တွင်လည်း အငြင်းပွားမှု ရှိခဲ့သည်။ ထို့အတူ ကြိုတင်မေးခွန်းလွှာ ဖွင့်ဖတ်ကြေညာရာတွင် မေးခွန်းလွှာပါ အချက်အလက်အချို့ကို ထိန်ချန်ဖတ်ကြားမှုကြောင့် ကန့်ကွက်ကြောင်း ဦးသိန်းဟန်က ရှယ်ယာရှင်များနှင့် မီဒီယာများကို ထုတ်ဖော်ပြောခဲ့သည်။
'' ဒီအမှုကိစ္စကို ပိတ်လိုက်တယ်ဆိုတာက အကျယ်တစ်ဝင့် မဖြစ်လိုတာရယ်၊ ကုမ္ပဏီရဲ့ ပုံရိပ်ကို ထိခိုက်သွားမှာ စိုးတာရယ်၊ တချို့ကိစ္စတွေက ကုမ္ပဏီတွင်းမှာပဲ ဖြေရှင်းသင့်တာရယ်တွေကြောင့် အမှုကို ပိတ်ခဲ့ရတာဖြစ်ပါတယ် '' ဟု အမှုနှင့်သက်ဆိုင်သည့်ကိစ္စရပ်အပေါ် မေးမြန်းစဉ် MTSH ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်စိုးသာက ပြောသည်။
ရှယ်ယာတန်ဖိုးများကျဆင်း
*****************
ရှယ်ယာရှင်များသည် ရန်ကုန်စတော့အိတ်ချိန်း၌ MTSH ၏ရှယ်ယာတန်ဖိုး တဖြည်းဖြည်းကျဆင်းလာနေသည့်အပေါ် စိုးရိမ်သည့် မေးခွန်းများကိုလည်း အစည်းအဝေးချိန်အတွင်း ဘုတ်အဖွဲ့သို့ တင်ပြကာ မေးမြန်းမှုလည်းရှိခဲ့သည်။
'' နှစ်ပတ်လည် အစည်းအဝေးအချိန်အတွင်းမှာ အခုလိုအငြင်းပွားမှု ကြီးကြီးမားမား ဖြစ်တယ်ဆိုတာက မဖြစ်သင့်တဲ့ကိစ္စပါ။ အခုလိုဖြစ်သွားတဲ့အတွက် နောက်ဆက်တွဲ အကျိုးဆက်က ရှယ်ယာဈေးကျတာကို သွားပြီထိခိုက်နိုင်တယ်။ ကုမ္ပဏီရဲ့ ပုံရိပ်ကိုလည်း ထိခိုက်စေနိုင်တယ် ကျွန်တော်ကတော့ မဖြစ်သင့်ဘူးလို့ပဲ ထင်ပါတယ်''ဟု အမည်မဖော်လိုသည့် ဒါရိုက်တာဘုတ်အဖွဲ့ဝင် တစ်ဦးက ပြောသည်။
လက်ရှိ စတော့ဈေးကွက်တွင် MTSH ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးများလည်း ကျဆင်းလျက်ရှိသည်။
ကုမ္ပဏီ၏ ရှယ်ယာပေါက်ဈေးသည် စက်တင်ဘာလ ၂၈ ရက်နေ့က ရှယ်ယာတစ်စုလျှင် ကျပ်၂၉၅ဝ ဖြင့်ပေါက်ဈေးရှိခဲ့သည်။ ထိုဈေးနှုန်းသည် ပြီးခဲ့သည့် တစ်ပတ်အတွင်းမှစ၍ ယင်းနှုန်းထားအတိုင်း မပြောင်းဘဲ ရှိခဲ့ပြီး ယခုအငြင်းပွားမှုများ ဖြစ်ပေါ်အပြီး အောက်တိုဘာ ၂ ရက်နေ့တွင် ကျပ် ၂၉ဝဝ ဈေးသို့ ကျဆင်းခဲ့သည်။
လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်း၌ MTSH ၏ရှယ်ယာတန်ဖိုးများအပြင် FMI ရှယ်ယာသည် ကျပ် တစ်သောင်း၊ မြန်မာနိုင်ငံသားများဘဏ် MCB သည် ၇၃ဝဝ ကျပ်၊ ပထမပုဂ္ဂလိကဘဏ်FPBသည် ၂၃၅ဝဝ ကျပ်နှင့် TMH တယ်လီကွန်းကုမ္ပဏီသည်လည်း ကျပ် ၂၈ဝဝ ဈေးနှုန်းများဖြင့် ဈေးကျဆင်းမှုများ ဖြစ်လျက်ရှိသည်။