သီလဝါ၌ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၁၅၀၀ ကျော်ရှိ


19 March, 2019

ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ သီလဝါအထူးစီးပွားရေးဇုန်မှာ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၁၅၀၀ ကျော်အထိရှိတယ်လို့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါ်သန်းသန်းသွယ်က ပြောကြားပါတယ်။

လက်ရှိအချိန်မှာ သီလဝါအထူးစီးပွားရေးဇုန်ကို လာရောက်ရင်းနှီးမြှုပ်နှံလိုတဲ့ ပြည်တွင်း၊ ပြည်ပကုမ္ပဏီ အများအပြားရှိပြီး လာမည့်နှစ်ထဲမှာလည်း အလုပ်သမားတွေအတွက် အိမ်ရာများ၊ ဈေးဝယ်စင်တာ၊ ဟိုတယ်နဲ့ ဘဏ်များ၊ ရုံးခန်းများဖွင့်လှစ်နိုင်မယ့် အဆောက်အအုံများ ပြီးစီးနိုင်မှာဖြစ်ပါတယ်။

“ အဓိကက ဂျပန်ဘက်က ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်တာ တော်တော်စည်းစနစ်ကျတဲ့အတွက် ရင်းနှီးမြှုပ်နှံသူ ဝင်တာလည်းပါတယ်”လို့ ၎င်းက ပြောပါတယ်။

လတ်တလော သီလဝါအထူးစီးပွားရေးဇုန်မှာ အထည်ချုပ်လုပ်ငန်း၊ သံမဏိအဆောက်အအုံပစ္စည်း ထုပ်လုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊ ဆောက်လုပ်ရေးနဲ့ ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ စားသောက်ကုန်နဲ့ ဖျော်ရည်လုပ်ငန်း၊ ဓာတ်မြေသြဇာထုတ်လုပ်ခြင်း၊ လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်းများရင်းနှီးမြှုပ်နှံထားပါတယ်။

ဒါတွေအပြင် လယ်ယာစိုက်ပျိုးရေး ဆက်စပ်လုပ်ငန်း၊ မော်တော်ယာဉ်တပ်ဆင်ခြင်းနဲ့ မော်တော်ယာဉ်အပိုပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်း၊ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်း စတဲ့လုပ်ငန်းအမျိုးအစားတွေလည်း ရင်းနှီးမြှုပ်နှံထားပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်မှာ လက်ရှိ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ စီးပွားရေးလုပ်ငန်းပေါင်း ၁၀၄ ခုခန့်ရှိပြီး လတ်တလော လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံတွေမှာ အလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သောင်းကျော်အထိ ဖန်တီးပေးထားနိုင်လျက်ရှိပါတယ်။

The Voice

Investment/Divestment Read 511 times