အထူးစီးပွားရေးဇုန် သုံးဇုန်တွင် သီလဝါဇုန်ဖွံ့ဖြိုးတိုးတက်၍ ထားဝယ်ဇုန် တိုးတက်မှုနှေးကွေးနေ


05 February, 2021

မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန် သုံးဇုန်ရှိတဲ့အနက် သီလဝါဇုန်က ဖွံ့ဖြိုးတိုးတက်မှုရှိပေမယ့် ထားဝယ်အထူးစီးပွားရေးဇုန်က တိုးတက်မှုနှေးကွေးနေပြီး နိုင်ငံတကာ စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများနဲ့ ကိုက်ညီတဲ့ အာမခံချက်များပေးနိုင်မှသာ ရင်းနှီးမြှုုပ်နှံသူများ ဝင်ရောက်လာနိုင်ကြောင်း မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သုံးသပ်ပြောကြားခဲ့ပါတယ်။


သီလဝါအထူးစီးပွားရေးဇုန်ဟာ အတော်အတန်ခရီးရောက်နေပြီး ကုမ္ပဏီပေါင်း ၁၀၅ ခုအထိ ရင်းနှီးမြှုုပ်နှံထားပြီးဖြစ်ပါတယ်။ ရင်းနှီးမြှုုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံအထိ တိုးတက်လာပြီး လက်ရှိလည်ပတ်နေတဲ့ စက်ရုံ ၆၅ ရုံရှိပါတယ်။

အချိန်နှင့်တစ်ပြေးညီ

ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် တင်ဒါအောင်မြင်ထားတဲ့  CITIC Group ကုမ္ပဏီ နဲ့ Framework Agreement ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ရှေ့ဆက်ဆောင်ရွက်ရမယ့် Transaction Document များ၊ EIA၊ SIA ၊G.T Survey ကိစ္စရပ်များ ဆက်လက်ညှိနှိုင်း ဆွေးနွေးလျက်ရှိပြီး စီမံကိန်းလုပ်ငန်းများ ရပ်တန့်မသွားစေဘဲ အချိန်နှင့်တစ်ပြေးညီ တိုးတက်မှုရရှိရေး စီမံဆောင်ရွက်ပေးကြရန် ဒုတိယသမ္မတက တိုက်တွန်းခဲ့ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှုကတော့ တိုးတက်မှုနှေးကွေး အားနည်းနေတာကို တွေ့ရှိရပြီး တိုးတက်မှုအနေနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်မှ ထီးခီးသို့ဆက်သွယ်ထားတဲ့ နှစ်-လမ်းသွား ကားလမ်း အဆင့်မြှင့်တင်ဖောက်လုပ်ခြင်းကို ထိုင်းနိုင်ငံမှ NEDA နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က  Terns of Reference (TOR) မူကြမ်းကို ညှိနှိုင်းနိုင်ခဲ့ပြီး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်နေပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ရာမှာ အစိုးရချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အပိုင်းများရှိသလို ပုဂ္ဂလိကကုမ္ပဏီ ITD နဲ့ ညှိနှိုင်းဆောင်ရွက်ရတဲ့ အပိုင်းများလည်းရှိကြောင်း ဒုတိယသမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။

အားသာချက်

အထူးစီးပွားရေးဇုန်များဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါပြီး ဒေသခံများအတွက် အလုပ်အကိုင်အခွင့်လမ်းများဖြစ်ပေါ်စေပါတယ်။ ဒါ့ပြင် အထူးစီးပွားရေးဇုန်များ အောင်မြင်ရေးအတွက် နိုင်ငံခြားသားများ ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုုပ်နှံဖို့ လိုအပ်ပါတယ်။

စံချိန်စံညွှန်း

ရင်းနှီးမြှုုပ်နှံသူများအတွက် ဥပဒေနဲ့အညီ ဝန်ဆောင်မှုကိစ္စရပ်များ၊ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့ ကိုက်ညီတဲ့ လုပ်ထုံးလုပ်နည်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အာမခံချက်ပေးနိုင်မှသာ ရင်းနှီးမြှုုပ်နှံသူများ ဝင်ရောက်လာနိုင်ကြောင်း ဒုတိယသမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။

The Myanmar Times


Myanmar Industry Directory

Local News Read 495 times