သီလဝါအထူးစီးပွားရေးဇုန်တွင် ဝယ်လိုအားများမြင့်တက်လျက်ရှိ


18 July, 2018

သီလဝါအထူးစီးပွားရေဇုန် Zone A တွင် စက်ရုံနေရာများပြည့်နေပြီဖြစ်၍ Zone B တွင် ဝယ်လိုအား မြင့်တင်လျက်ရှိကြောင်း၊ လက်ရှိတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်မှ ပြောကြားခဲ့ပါသည်။

သီလဝါအထူးစီးပွားရေးဇုန် Zone B ၏ ပထမအဆင့် ၁၀၁ ဟတ်တာစီမံကိန်း တည်ဆောက်မှုစတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပခဲ့ပါသည်။ သီလဝါအထူးစီးပွားရေးဇုန် Zone B ၏ ပထမအဆင့် ၁၀၁ ဟတ်တာ ( ဧက ၂၅၀ ) ကို ၂၀၁၈ ခုနှစ် နှစ်လည်ပိုင်းတွင် တည်ဆောက်မှုပြီးစီးရန် မျှော်မှန်းထားကြောင်း သိရပါသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံတကာမှ လုပ်ငန်းရှင်များ အများဆုံး ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရပါသည်။

၂၀၁၈ ခုနှစ် ဧပြီလကုန်အထိ သီလဝါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၇ နိုင်ငံ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၇၄ ဘီလျံကျော်အထိ ဝင်ရောက်ရင်းနှီးမြှုပ်နှံထားမှုအနက် စင်ကာပူနိုင်ငံက ဒေါ်လာ ၅၀၃ သန်းကျော်ဖြင့် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရပါသည်။

၂၀၁၈ ခုနှစ် ဧပြီလကုန်အထိ ရရှိသောစာရင်းများအရ သီလဝါအထူးစီးပွားရေးဇုန်တွင် စင်ကာပူနိုင်ငံမှ ဒေါ်လာ ၅၀၃ ဒသမ ၇၁ သန်းဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၃၆ ဒသမ ၆၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း သိရပါသည်။

ဂျပန်နိုင်ငံက ဒေါ်လာ ၄၂၅ ဒသမ ၅၄ သန်းဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၃၀ ဒသမ ၉၆ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံက ဒေါ်လာ ၁၅၁ ဒသမ ၈၀ သန်းဖြင့် ၁၁ ဒသမ ၀၅ ရာခိုင်နှုန်းအထိလည်းကောင်း၊ ကိုရီးယားနိုင်ငံက ဒေါ်လာ ၅၄ ဒသမ ၆၀ သန်းဖြင့် ၃ ဒသမ ၉၇ ရာခိုင်နှုန်းအထိလည်းကောင်း ဝင်ရောက်မြှုပ်နှံထားသည်။

ဟောင်ကောင်က ဒေါ်လာ ၄၇ ဒသမ ၁၅ သန်းဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၃ ဒသမ ၄၃ ရာခိုင်နှုန်းအထိလည်းကောင်း၊ မြန်မာနိုင်ငံက ဒေါ်လာ ၅၄ ဒသမ ၇၀ သန်းဖြင့် ၃ ဒသမ ၉၈ ရာခိုင်နှုန်း၊ UAE နိုင်ငံက ဒေါ်လာ ၁၉ ဒသမ ၁၆ သန်းဖြင့် ၁ ဒသမ ၃၉ ရာခိုင်နှုန်း၊ သြစတြီးယားနိုင်ငံက ဒေါ်လာ ၁၅ ဒသမ ၃၅ သန်းဖြင့် ၁ ဒသမ ၁၂ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံက ဒေါ်လာ ၁၅ သန်းကျော်၊ သြစတြေးလျက ဒေါ်လာ ၇ သိန်းကျော်၊ ဗီယက်နမ်က ဒေါ်လာ ၇ သန်းကျော်၊ ဘရူနိုင်းက ဒေါ်လာ ရှစ်သန်းကျော်၊ ထိုင်ဝမ်က ဒေါ်လာ ၁၆ သန်းကျော်၊ နယ်သာလန်က ဒေါ်လာ ၁ သန်းကျော်၊ Brithish Virgin Islands က ဒေါ်လာ သန်း ၂၀ ကျော် စသည်ဖြင့် အသီးသီး ဝင်ရောက်မြှုပ်နှံထားကြောင်း သိရပါသည်။

Eleven

Local News Read 532 times