သီလဝါစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၇၄ ဘီလျံကျော်အထိရောက်ရှိ


07 May, 2018

သီလဝါအထူးစီးပွားရေးဇုန် Zone A နှင့် အကောင်အထည်ဖော်နေဆဲအချိန်တွင် Zone B ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၇၄ ဘီလျံကျော်အထိ ဝင်ရောက်ထားပြီး ဂျပန်နှင့် စင်ကာပူနိုင်ငံတို့က အများဆုံးဝင်ရောက်မြှုပ်နှံထားကြောင်း သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ သိရပါသည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၀၁ သန်းကျော်အထိ ဝင်ရောက်ထားပြီး ဂျပန်နှင့် စင်ကာပူ နှစ်နိုင်ငံဝင်ရောက်မှုသည် ယင်းပမာဏစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော်အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လုပ်ကိုင်နေသည့်နိုင်ငံများအနက် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၃၆ ဒသမ ၈၄ ရာခိုင်နှုန်းအထိရှိကြောင်း သိရပါသည်။

ထို့အပြင် စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံသည် ၂၄ ဒသမ ၇၁ ရာခိုင်နှုန်းအထိရှိပြီး ယင်းနိုင်ငံ၏ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်းပမာဏ၏ ၆၁ ဒသမ ၅၅ ရာခိုင်နှုန်းအထိ အများဆုံးဝင်ရောက်ထားကြောင်း သိရပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှရရှိသော စာရင်းများအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် စက်မှုလုပ်ငန်းကဏ္ဍသို့ လုပ်ငန်းပေါင်း ၁၁ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၂၈ သန်းကျော် ဝင်ရောက်ထားပြီး ရာခိုင်နှုန်းအားဖြင့် ၈၂ ရာခိုင်နှုန်းခန့်အထိ အများဆုံးဝင်ရောက်ထားကြောင်း သိရပါသည်။

ကုန်စည်ရောင်းဝယ်ရေးလုပ်ငန်းကဏ္ဍသို့ လုပ်ငန်းတစ်ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅၇ သန်းကျော် ဝင်ရောက်ထားပြီး ရာခိုင်နှုန်းအားဖြင့် ၁၄ ရာခိုင်နှုန်းကျော်အထိ ဝင်ရောက်ထားကြောင်း၊ ထို့အပြင် အိမ်ရာလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးမြှင့်ဆောင်ရွက်ခြင်းများလည်းရှိကြောင်း သိရပါသည်။

 Daily Eleven

Investment/Divestment Read 612 times