ရင်းနှီးမြှုပ်နှံမှုများနှင့် သီလဝါ


31 July, 2018

သီလဝါ အထူးစီးပွားရေးဇုန်အတွင်း နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီပေါင်း ၈၉ ခုက ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိပြီး Zone B အခြေခံအဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၈ ခုနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း Cost of Doing Business in Myanmar အစီအရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် သီလဝါ အထူးစီးပွားရေးဇုန် Zone A နှင့် တည်ဆောက်ဆဲ Zone B တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၇၄ ဘီလျံကျော်အထိ ဝင်ရောက်ထားပြီး ဂျပန်နှင့် စင်ကာပူနိုင်ငံတို့မှ အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

သီလဝါစက်မှုဇုန်အတွင်း လက်ရှိအချိန်အထိ လုပ်ငန်းပေါင်း ၉၃ ခုကို ပါမစ်ပေးထားပြီး အများစုမှာ Zone A တွင်ဖြစ်ပြီး Zone B တွင် လုပ်ငန်း ၇ ခု ခွင့်ပြုထားကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၀၁ သန်းကျော်အထိ ဝင်ရောက်ထားပြီး ဂျပန်နှင့် စင်ကာပူ နှစ်နိုင်ငံဝင်ရောက်မှုသည် ၎င်းပမာဏ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော်အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများအနက် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၃၆ ဒသမ ၈၄ ရာခိုင်နှုန်းအထိရှိပြီး စင်ကာပူနိုင်ငံက ၂၄ ဒသမ ၇၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှရရှိသော စာရင်းများအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်အတွင်း စက်မှုလုပ်ငန်းများကဏ္ဍသို့ လုပ်ငန်းပေါင်း ၁၁ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၂၈ သန်းကျော် ဝင်ရောက်ထားကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန် Zone A တွင် စက်ရုံနေရာများ ပြည့်နေပြီဖြစ်၍ Zone B တွင် ဝယ်လိုအားမြင့်တက်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံသူများကလည်း ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးချဲ့လျက်ရှိကြောင်း စီးပွား/ကူးသန်း ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောခဲ့သည်။

သီလဝါထူးစီးပွားရေးဇုန်အတွင်း ကဏ္ဍအလိုက် ဝင်ရောက်မှုတွင် စက်မှုကဏ္ဍတွင် လုပ်ငန်း ၇၀၊ Logistics တွင် တစ်ခု၊ Trading တွင် ကိုးခု၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် လေးခု၊ အိမ်ခြံမြေ ကဏ္ဍတွင် တစ်ခုနှင့် ဟိုတယ်လုပ်ငန်းတွင် တစ်ခု ဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

Eleven

Investment/Divestment Read 726 times