ရန်ကုန်မြို့လယ်တွင်တည်ရှိသည့် ဘူတာကြီးသည် မြန်မာနိုင်ငံတစ်ဝန်း ၃၁၂၆ မိုင် ဖြန့်ကြက်ထားသည့် မီးရထားကွန်ရက်၏ ဗဟိုအချက်အချာနေရာဖြစ်ကာ အဓိကအဝေးပြေးရထားလမ်းမကြီး သုံးခုသည် ရန်ကုန်ဘူတာကြီးမှမန္တလေး၊ ပြည်နှင့် မော်လမြိုင်သို့ ဖြာထွက်နေသည်။
မန္တလေးလမ်းမှ မြစ်ကြီးနားနှင့် လားရှိုးအထိ၊ မော်လမြိုင်လမ်းမှ ထားဝယ်အထိ၊ ပြည်လမ်းမှ ပုဂံ အထိ မီးရထားဖြင့် တစ်ဆက်တည်း သွားရောက်နိုင်သကဲ့သို့ ဂန့်ဂေါ၊ လွိုင်ကော်၊ တောင်ကြီးစသည့် ဝေးလံဒေသများနှင့် တောင်ပေါ်ဒေသများ သို့လည်း မီးရထားဖြင့်သွားရောက်နိုင်ကြသည်။
ရန်ကုန်မြို့နှင့် ဆင်ခြေဖုံးဒေသများရှိ ပြည်သူများသွားလာရာတွင် လွယ်ကူစေရန်ရန်ကုန်မြို့ပတ်ရထားလမ်းအား အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ ခုနှစ်တွင် ဖောက်လုပ်ခဲ့သည်။
ယခုအခါတွင် မြို့ပတ်ရထားများသည် ရန်ကုန်ဘူတာကြီးကိုအခြေပြုလျက် ရထားအစင်းရေ ၂၀၀၊ အဆိုင်း ၃၀ ဖြင့် လက်ဝဲရစ်၊ လက်ယာရစ် အသွားအပြန်နေ့စဉ် ပြေး ဆွဲလျက်ရှိရာ မြို့ပတ်ရထားလမ်းတစ်လျှောက် ဘူတာ ၃၈ ဘူတာရှိသည်။
မြို့ပတ်ရထားလမ်းပေါ်တွင်မရှိသည့် လှော်ကား၊ သန်လျင်နှင့် ရွာသာကြီးတို့သို့လည်း ရန်ကုန်ဘူတာကြီးမှ ရထားများပြေးဆွဲပေးလျက်ရှိသည်။
လွန်ခဲ့သောနှစ် ၁၄၀ မှ စတင်၍ ရထားများပြေးဆွဲခဲ့သည့် ရန်ကုန်ဘူတာကြီးကို ယခင်က မီးရထားရုံတော်ဟုလည်းကောင်း၊ ဖယ်ရာလမ်း(ယခုပန်းဆိုးလမ်း)ထိပ်တွင်ရှိ သဖြင့် ဖယ်ရာစခန်းဟုလည်းကောင်း ခေါ်ဆိုခဲ့သည်။ ဘူတာအနီးတွင်ကွမ်းခြံများရှိခဲ့သဖြင့် ကွမ်းခြံဘူတာဟုလည်း ခေါ်ဝေါ် ကြသည်။
မူလက ရန်ကုန်ဘူတာကြီး အဆောက်အအုံသည် မီးရထားသံလမ်းများ၏ မြောက်ဘက်ခြမ်း၊ ယခုရှိနေသည့် နေရာမဟုတ်ဘဲ သံလမ်းများ၏ တောင်ဘက်ခြမ်း(ယခု ဗိုလ်ချုပ် အောင်ဆန်းလမ်းဘက်) တွင် သွပ်မိုး သစ်သား အဆောက်အအုံတစ်ခုအဖြစ် တည်ရှိခဲ့သည်။
၁၈၇၆ ခုနှစ်တွင် တည်ဆောက်ခဲ့သော ရန်ကုန်ဘူတာကြီးကို ဖျက်သိမ်းပြီး အသစ်ပြန်လည်တည်ဆောက်ရန် ၁၉၁၀ ပြည့်နှစ်တွင် စီစဉ်ခဲ့ကာ အိန္ဒိယနိုင်ငံ ဘုံဘေမြို့ရှိ အစိုးရ ဗိသုကာအကြံပေးဟောင်း မစ္စတာဝီလ် ကော့အား တည်ဆောက်မည့် ပုံစံရေးဆွဲရန် တာဝန်ပေးခဲ့သည်။
မစ္စတာဝီလ်ကော့က ရန်ကုန်ဘူတာကြီး စီမံကိန်းဧရိယာစတုရန်းပေ ၁၀၀၀၀၀ အနက် ဘူတာကြီးပင်မအဆောက်အအုံအတွက် စတုရန်းပေ ၆၀၄၀၀ နှင့် ကျန်အဆောက်အအုံများနှင့် ရထား လမ်းများအတွက် စတုရန်းပေ ၅၈၄၀၀ အသုံးပြုရန် ပုံစံထုတ် ပေးခဲ့သည်။
ရန်ကုန်ဘူတာကြီးဆောက်လုပ်ရာတွင် ရထားဆိုက်ရောက်ရန် ပေ ၁၀၀၀ ရှည်၍ ငါးပေကျယ်သည့် စင်္ကြံများနှင့် ပေ ၂၅၀ စီ ရှည်သော ကုန်လှောင်ရုံများကို ထည့်သွင်းထားပြီး ထိုခေတ်ရန်ကုန်ဘူတာကြီး၏ ပုံစံသည်ကို လိုနီခေတ်လက်ရာ ဝိတိုရိယအဆောက်အအုံဒီဇိုင်းဖြစ်သည်။
ဘူတာကြီး၏ မျက်နှာစာတွင် မော်တော်ကား၊ မြင်း လှည်း၊ လန်ချားနှင့် လက်တွန်းလှည်းများ ရပ်နား ရန်နေရာနှင့် ကုန်ပစ္စည်းများ သယ်ယူရန်နေရာများ ပြုလုပ်ခဲ့သည်။
ထိုစဉ်က မီးရထားများသည် ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်း ဟု သတ်မှတ်ထားရာအတန်းလိုက် စီးနင်းလိုက်ပါကြမည့် ခရီး သည်များအတွက် နေရာများပြုလုပ်ပေးထားသည်။ တတိယတန်းနေရာသည် အရှည် ပေ ၇၀၀ ၊အကျယ် ပေ ၄၀ ရှိသည်။
ပထမတန်းနှင့် ဒုတိယတန်းနေရာသည် အရှည်ပေ ၁၅၀ ၊ အကျယ်ပေ ၄၀ ကျယ်ဝန်းပြီး ပထမတန်းနှင့် ဒုတိယတန်းကြိုတင်လက်မှတ်အရောင်းဌာနကိုပါ ပူးတွဲဖွင့်လှစ်ထားသည်။
တတိယတန်းကြိုတင်လက်မှတ်ရုံကို ဘူတာကြီး ပင်မ အဆောက်အအုံတွင်ထားရှိပြီး အတန်းစုံ လက်မှတ်အရောင်းဌာနသည် မောင်ဂိုမာရီလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း) ခုံးတံတားအဝင်အဝတွင်ရှိခဲ့သည်။
ဘူတာကြီးခုံးကျော် တံတားတွင် လမ်းသုံးလမ်းပါဝင်ခဲ့ကာ ၁၁ ပေကျယ်ဝန်းသည့်အလယ်လမ်းသည် ဘူတာရုံမှထွက်ရန်ဖြစ်ပြီး ခုနစ်ပေကျယ်သော ဘေးဝဲယာလမ်းနှစ်ခုသည် ဘူတာစင်္ကြံအသီးသီးသို့ သွားရန်ဖြစ်သည်။
ထိုစဉ်က မီးရထားဘူတာရုံများကို အေ၊ ဘီ၊ စီ အဆင့် များခွဲထားရာ မြို့ ကြီးများနှင့် လမ်းဆုံလမ်းခွဲရှိ ဘူတာများကို အေအဆင့်သတ်မှတ်သည်။ မြို့ငယ်များရှိ ဘူတာများကိုမူဘီ အဆင့်သတ်မှတ်၍ မြို့ ကြီးများအကြား ရထားလမ်းတစ်လျှောက်ရှိ ကျေးရွာများရှိ ဘူတာများကို စီအဆင့်သတ်မှတ်သည်။
အေအဆင့် မီးရထားဘူတာများတွင် အင်္ဂလိပ်နှင့်အင်္ဂလိပ် ကပြားများကို ရုံပိုင်များ အဖြစ်ခန့်ထားပြီး အိန္ဒိယ လူမျိုးများကို ဘီအဆင့် ရုံပိုင်နေရာများ၊ မြန်မာလူမျိုးများကိုစီအဆင့် ဘူတာများတွင် ရုံပိုင်များအဖြစ်ခန့်ထားခဲ့သည်။
တိုင်းတစ်ပါး၏ အုပ်ချုပ်မှုအောက်တွင်နေခဲ့ရချိန်ဝယ် တိုင်းရင်းသား မြန်မာလူမျိုးများ အနှိမ်ခံရခြင်း၏ သရုပ်တစ်ခုဟု ဆိုနိုင်ပေသည်။
ရန်ကုန်ဘူတာရုံကြီးကို ၁၉၁၁ ခုနှစ် ဧပြီလ ၄ ရက်နေ့ တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ရာ လူ၁၀၀၀ ကျော်တက်ရောက်ပြီး ဒုတိယဘုရင်ခံချုပ် ဆာဟင်နရီအဒမ်ဆင်က ဘူတာရုံသစ် ကြီးကိုဖွင့်လှစ်ပေးခဲ့သည်။
ဘူတာရုံတည်ဆောက်စရိတ်သည် ၃၂၄၂၀၀၀ ကျပ် ဖြစ်ပြီး တတိယတန်းခရီးသည်များ စောင့်ဆိုင်း ရာ အဆောက်အအုံကို ငွေကျပ် ငါးသိန်းအကုန်အကျခံ၍ ဆောက်လုပ်ခဲ့ကြောင်း မီးရထားကုမ္ပဏီ၏ ခေတ္တကိုယ်စား လှယ် မစ္စတာကို့ချမင်းက တင်ပြခဲ့သည်။
ဘူတာကြီး၏ တောင်ဘက်တွင် ဘူတာကြီးကို ပုံစံရေး ဆွဲခဲ့သူ ဗိသုကာပညာရှင် မစ္စတာဝီလ်ကော့ကို ဂုဏ်ပြုသော အားဖြင့် နာရီစင်တစ်ခုတည်ဆောက်ခဲ့ပြီးဘူတာကြီးဝင်း၏ အနောက်ဘက်တွင် မီးရထားဟိုတယ် တစ်ခုကို ဖွင့်လှစ်ခဲ့သည်။ မီးရထားဟိုတယ်ကို ရထားစီး ခရီးသည်များနားခိုနိုင်ရန် တစ်ယောက်ခန်း ၁၀ ခန်းနှင့်နှစ်ယောက်ခန်း ငါးခန်းဖွဲ့စည်းထားသည်။
တစ်ဆက်တည်းမှာပင် မီးရထားလုပ်ငန်းများ စီမံခန့်ခွဲ နိုင်ရန် မီးရထားရုံးချုပ်အဆောက်အအုံကို ယခု ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင်၁၈၇၇ ခုနှစ်တွင် တည်ဆောက်ခဲ့ကြောင်း ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံ ၃၀ စာအုပ်တွင် ဖော်ပြထားသည်။မီးရထား ရုံးချုပ်အဆောက်အအုံ ဒီဇိုင်းဆွဲခဲ့သူ ဗိသုကာအမည်ကိုကားမှတ်တမ်းမတွေ့ရှိသေးပါ။
ရန်ကုန်ဘူတာကြီးသည် ဒုတိယ က္ဘာစစ်အတွင်း ဗုံးဒဏ် များကြောင့် များစွာပျက်စီးခဲ့သည်။ ရန်ကုန်ဘူတာကြီးအပြင် တစ်ပြည်လုံးအတိုင်းအတာအရ စက်ခေါင်း ၃၂၀ မှ ၃၅၄ ခေါင်း၊ရထားတွဲပေါင်း ၇၀၀၀ ကျော်သည် စစ်ဘေး စစ်ဒဏ်ကြောင့် ပျက်စီးခဲ့ရပေသည်။ ရထားသံလမ်းတံတား၅၀၀ ကျော်နှင့် မီးရထားရုံး ချုပ်ကြီးသည်လည်း ဗုံးဒဏ်သင့်ခဲ့သည်။
၁၉၄၃ ခုနှစ်တွင် အင်္ဂလိပ်များ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခဲ့ချိန်တွင် ရန်ကုန်ဘူတာကြီးကို အသစ်ပြန် လည်တည်ဆောက်ခဲ့သည်။ ယင်းအဆောက်အအုံသည် ယနေ့ မြင်တွေ့နေရသည့် ရန်ကုန် ဘူတာကြီးဖြစ်ပြီး မြန်မာအင်ဂျင်နီ ယာဦးလှသွင်က ဒီဇိုင်းဆွဲ ပုံစံထုတ်ခဲ့သည်။
ဦးလှသွင်၏ ဒီဇိုင်းကို မီးရထားအုပ်ချုပ်ရေးအဖွဲ့က ၁၉၄၆ ခုနှစ်တွင် အတည်ပြု ခဲ့ပြီး မေလ ၂ ရက်နေ့တွင် ပန္နက်ရိုက်ခဲ့သည်။ ဘူတာကြီး တည်ဆောက်ရေးလုပ်ငန်းကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့ပြီး ထုထည်ကြီးမား၍ စုလစ်မွမ်းချွန်တို့ဖြင့် လှပတင့်တယ်သည့် ရန်ကုန်ဘူတာကြီးကို မြန်မာအင်ဂျင်နီယာ ဦးတင်က တာဝန်ယူဆောက်လုပ်ခဲ့သည်။
ရန်ကုန်ဘူတာကြီး ဆောက်လုပ်ရေးလုပ်ငန်းတွင် အေစီမာတင် ကုမ္ပဏီ၊ ကလပ် အင်ဂရိတ် ကုမ္ပဏီ၊ ဦးလင်းကုမ္ပဏီ၊ ဦးမြသန်းနှင့် မစ္စတာချောင်ဒရီတို့အား လုပ်ငန်းကန်ထရိုက်များ ခွဲဝေပေးခဲ့သည်။
ရန်ကုန်ဘူတာကြီး၏ ဒီဇိုင်းပုံစံသည် မြန်မာမှုဗိသုကာ လက်ရာများဖြင့် ခံ့ညားထည်ဝါကာ အကျယ်အဝန်း စတုရန်း မီတာ ၅၀၀၀ ရှိသည်။ ရန်ကုန်ဘူတာကြီး တည်ဆောက်ရာတွင် ကျပ်ငွေကျပ် ၄၇၄၆၁၈၇ ကုန်ကျခဲ့ပြီး ၁၉၅၄ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက ဖွင့်လှစ် ပေးခဲ့ပြီး သင်္ဃန်းကျွန်း ဘူတာအထိ အထူးရထားမောင်းနှင်ခဲ့သည်။
ထိုစဉ်က ရန်ကုန်ဘူတာကြီးအပါအဝင် မီးရထားဘူတာရုံများ၏ သန့်ရှင်းသပ်ရပ်မှု၊ ရထားဝင်ချိန် ထွက်ချိန် တိကျမှု၊ ရထားစောင့်ပြည်သူများအတွက် တန်းလျားများအပါအဝင် နေရာထိုင်ခင်းစီစဉ်ပေးမှု၊ ရထားများ စီးရာတွင် သက်သောင့် သက်သာရှိမှုများကြောင့် မြန်မာနိုင်ငံ၏ မီးရထားလုပ်ငန်းသည် များစွာ အောင်မြင်ခဲ့ပြီး ပြည်သူများအားထားကြသည့် ပို့ဆောင်ရေးလုပ်ငန်းအဖြစ် ထင်ရှားခဲ့သည်။
ရန်ကုန်ဘူတာကြီးသည် မြန်မာနိုင်ငံရှိ မီးရထားဘူတာ ရုံများအနက် အကြီးဆုံးဖြစ်ပြီး မြန်မာနိုင်ငံတစ်လွှား ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မီးရထားကွန်ရက် အခြေ တည်သည့်နေရာဖြစ်သည်။ မြန်မာနိုင်ငံဒေသအသီးသီးသို့ မီးရထားဖြင့် သွားရောက်နိုင်သည့် ပင်မဘူတာရုံကြီးလည်းဖြစ်ပေသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရန်ကုန်ဘူတာကြီးအား ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတစ်ခုအဖြစ် ၂၀၀၁ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှ စ၍ ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းများကို ဆောင်ရွက်ခဲ့သည်။
ရန်ကုန်မြို့သမိုင်းနှင့် ဆက်စပ်လျက် လွန်ခဲ့သော နှစ် ၁၀၀ ကျော်က တည်ဆောက်ခဲ့သည့်ဘူတာရုံကြီးနှင့် နှစ် ၁၄၀ က ဖောက်လုပ်ခဲ့သည့် ရထားလမ်းများသည် ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ်များဖြစ်သည်သာမက ယနေ့တိုင် ရထားစီးခရီးသွားပြည်သူများအား အကျိုးပြုလျက်ရှိနေပေသည်။
MOI