စက်မှုဇုန်များရှိစက်ရုံအချို့ ယခုနှစ်သင်္ကြန် ၁၀ ရက်ပိတ်မည်
၂၀၁၈ ခုနှစ် မြန်မာနှစ်ကူးရုံးပိတ်ရက် ၅ရက်သတ်မှတ်ထားသော်လည်းနယ်မှလာရောက်အလုပ်လုပ်သည့် အလုပ်သမားများနေရပ်သို့ပြန်ရာတွင် အချိန်မလုံလောက်သောကြောင့်ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များရှိစက်ရုံအချို့တွင်အလုပ်ရှင် အလုပ်သမားသဘောတူညီချက်ဖြင့် ၁၀ရက်ပိတ်မည်ဖြစ်ကြောင်းအလုပ်သမားများထံမှသိရပါတယ်။
အဆိုပါပိတ်ရက် ၁၀ရက်ရရှိရန်အတွက် အလုပ်သမားများဘက်ကကြိုတင်ကာ အလုပ်အချိန်ပိုဆင်းပေးကြကြောင်းနှင့် အများစုမှာ စနေနေ့တွင်ဆင်းပေးရကြောင်းသိရပါတယ်။
“ကျွန်မတို့စက်ရုံကပြီးခဲ့တဲ့လကတည်းက စနေနေ့ တွေကို နေ့တဝက်မဟုတ်ဘဲ၈နာရီအပြည့်အလုပ်ဆင်းပေး ရတယ်။စက်ရုံမှာက နယ်ကနေလာပြီးအလုပ်လုပ်တဲ့သူတွေများတယ်။ ဒါကြောင့်အလုပ်ရှင် ၊အလုပ်သမားညှိပြီး၁၀ရက်ပိတ်ပေးမယ်
အချိန်ပိုဆင်းပေးမယ်ဆိုပြီးသဘောာတူညီမှုယူထားကြတယ် ”ဟုရွှေလင်ဗန်းစက်မှုဇုန်မှအလုပ်သမားတဦးဖြစ်သူမသူဇာကပြောပါတယ်။
ထိုသို့ ဆောင်ရွက်ခြင်းအတွက်လုပ်ငန်းရှင်များအနေဖြင့်လည်းအခက်အခဲဖြစ်ပေါ်ခြင်းမရှိကြောင်းနှင့်၁၀ရက် ပိတ်ရန်သဘောတူညီမှုဖြင့်လုပ်ဆောင်သည့်စက်ရုံများတွင်အထည်ချုပ်စက်ရုံများမှာအများဆုံးဖြစ်ကြောင်း
သိရပါတယ်။
“ကျွန်တော်တို့ကတော့၁၀ရက်ပိတ်မယ်။၁၀ရက် ပိတ်မှာဖြစ်တဲ့ အတွက်ကြောင့် OTကိုစနေနေ့တစ်ဝက်စီ၁၀ရက်လုပ်ရင်ပြည့်တာမို့လုပ်သားတွေအနေနဲ့လည်း၁၀ရက်ပိတ်ပြီးနယ်ပြန်ကြမယ်။ ဒီအပေါ်မှာကိစ္စတစုံတရာ မဖြစ်တဲ့အတွက် လုပ်ငန်းရှင်တယောက်အနေနဲ့သဘောကျကျေနပ်ပါတယ်။ ”ဟုလှိုင်သာယာစက်မှုဇုန်မှအထည်ချုပ်လုပ်ငန်းရှင် တဦးကပြောပါတယ်။
အဆိုပါနှစ်သစ်ကူးရုံးပိတ်ရက်ပိုမိုရရှိရန်အတွက်အလုပ်ချိန်ပိုဆင်းပေးနေရခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းအလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌါနသို့အကြောင်းကြား
ခြင်းမရှိကြောင်းသိရပါတယ်။
“အစိုးရကပိတ်တာတရားဝင်ကငါးရက်ပဲလေ။သူတို့ဘာသာကျေနပ်လို့လုပ်ချင်လုပ်ပေါ့။ပိတ်ပေးတာကတော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ပြသာနာဖြစ်လို့လလာတိုင်ရင်တော့အရေးယူရမှာဘဲ။”ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌါနတာဝန်ရှိသူတစ်ဦးကပြောပါတယ်။