ဧရာဝတီတိုင်းဒေသကြီးအတွင်း တတိယမြောက် ကမ်းလွန်ထောက်ပံ့ပို့ဆောင်ရေး အခြေစိုက်စခန်းကို မြောင်းမြမြို့နယ်မဲကျော် ကျေးရွာအုပ်စုမှာ ဆောင်ရွက်သွားဖို့ ရှိနေကြောင်း သိရပါသည်။
ကမ်းလွန်ရေနံတွင်းတူးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေ ဆောင်ရွက်နိုင်ဖို့ ကမ်းလွန်ထောက်ပံ့ပို့ဆောင်ရေး အခြေစိုက်စခန်းတခု ဆောင်ရွက်ဖို့အတွက် ပြီးခဲ့တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေး ၂/၂၀၁၈ မှာ ခွင့်ပြုပေးခဲ့ကြောင်းသိရပါသည်။
ပထမခွင့်ပြုထားတဲ့ ကမ်းလွန်ထောက်ပံ့ပို့ဆောင်ရေး အခြေစိုက်စခန်း(Offshore Supply Base) စီမံကိန်း နှစ်ခုကို Myint & Associates Offshore Supply Base Limited နဲ့ SIM Company တို့က ငရုတ်ကောင်းဒေသမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပြီး အခု ခွင့််ပြုပေးလိုက်တဲ့ စီမံကိန်းအသစ်ကိုတော့ JMOL Company ကမြောင်းမြမြို့နယ် မဲကျော်ကျေးရွာအုပ်စုမှာ လုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။
မြောင်းမြမှာ ဆောင်ရွက်မယ့် စီမံကိန်းအသစ်အနေနဲ့ အမေရိကန်ဒေါ်လာ ၃၆ သန်းကျော် ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး ဂျပန်နိုင်ငံက ၇၀ ရာခိုင်နှုန်း မြန်မာနိုင်ငံသားက ၃၀ ရာခိုုင်နှုန်းနဲ့ ဖက်စပ် ဆောင်ရွက်တာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
အရင်စီမံကိန်းနှစ်ခုကတော့ ပင်လယ်ကမ်းခြေမှာ ဆောင်ရွက်တာဖြစ်ပြီး အသစ်ခွင့်ပြုလိုက်တဲ့ စီမံကိန်းကတော့ ငဝန်မြစ်နဲ့ ပမ္မဝတီမြစ်ဆုံအနား မြစ်အတွင်း မြေဧက ၁၈ ဧကပေါ်မှာ အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်ပါသည်။
အနည်းဆုံး ဝန်ထမ်း ၁၃၄ ဦးလောက် အလုပ်အကိုင် အခွင့်အလမ်း ရရှိမှာဖြစ်ပြီး ဝန်ထမ်းလစာ အနိမ့်ဆုံး ဒေါ်လာ ၃၀၀ ကျော်ကနေ အများဆုံး ဒေါ်လာ ၆၀၀၀ ကျော်ပေးမှာဖြစ်ပြီး ဒေသအတွက် CSR အနေနဲ့လည်း အသားတင်အမြတ်ရဲ့ ၂ ရာခိုင်နှုန်းကို ဆောင်ရွက်မယ်လို့ အဆိုပြုလွှာမှာ ဖော်ပြထားကြောင်း သိရပါသည်။
ကမ်းလွန်ထောက်ပံ့ပို့ဆောင်ရေး အခြေစိုက်စခန်းတွေဟာ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ အကူအညီတွေ တွင်းတူး စင်တွေမှာ အလုပ်လုပ်သူတွေ စားသောက်ရေးအတွက် ရိက္ခာမှ အစ၊ အသုံးပြုမယ့် စက်ကိရိယာတွေ၊ အပိုပစ္စည်းတွေကို ကမ်းမှတစ်ဆင့် ကမ်းလွန်ထောက်ပို့ရေး သဘောင်္တွေနဲ့ သယ်ယူပို့ဆောင်ပေးရမည်ဖြစ်သည်။
ယခုလုပ်ကိုင်နေသော ရတနာ၊ ရဲတံခွန်၊ ဇောတိက ကမ်းလွန်လုပ်ကွက်တွေအတွက် သယ်ယူပို့ဆောင်ရေးကို ရန်ကုန် သာကေတမှာရှိတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ MOGE ပိုင် ရေနံဝင်းထဲကနေ ပို့ဆောင်ကြကြောင်း သိရပါသည်။
ကမ်းလွန်ရေနံလုပ်ငန်းတွေ မြန်မာနိုင်ငံကို ပိုမိုဝင်ရောက်လာတဲ့အခါမှာ ထောက်ပံ့ရေး လိုအပ်ချက်တွေ ပိုမိုများပြားလာတဲ့တွက် စင်ကာပူနဲ့ ထိုင်းနိုင်ငံ ရနောင်းတို့ကတဆင့်လည်း ထောက်ပံ့ရေးလုပ်ငန်းတွေ လုပ်ကြရကြောင်း သိရပါသည်။
ယခုဧရာဝတီတိုင်းအတွင်း ထောက်ပံ့ပို့ဆောင်ရေး စီမံကိန်းတွေ လုပ်ဆောင်လာနိုင်တာဟာ မြန်မာ့ကမ်းလွန်ရေနံလုပ်ငန်း တိုးတက်မှုဖြစ်ကြောင်း သိရပါသည်။