တစ်ထောင်တန်ထီလက်မှတ် စတင်ရောင်းချသည့် ပထမလအတွင်း အရှုံးခံ ရောင်းနေရ


25 February, 2019

ကျပ်တစ်ထောင်တန်ထီလက်မှတ် စတင်ရောင်းချသည့် ပထမလအတွင်း ပင်ရင်းလက်ကား ထီဆိုင်ကြီးများအနေဖြင့် ထီလက်မှတ်များရောင်းကုန်စေရန် ဈေးနှုန်းများလျှော့ချကာ အရှုံးခံ ရောင်းနေရကြောင်း ထီလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ရွှေမြန်မာထီဆိုင်မှ ဦးစန်းယုကပြောပါတယ်။

“ကျပ် ၅၀၀ တန်နဲ့ ကျပ် ၁၀၀၀ တန်ကို တွဲထုတ်လိုက်တော့နှစ်မျိုးဖြစ်သွားတဲ့အခါ လူတွေက ကျပ် ၅၀၀ တန်ကိုထိုးလိုက်တော့ ကျပ် ၁၀၀၀ တန်ကိုမထိုးနိုင်တော့ဘူး။ ငွေမနိုင်တဲ့သူတွေက ကျပ် ၅၀၀ တန်ပဲထိုးတော့ ကျပ် ၁၀၀၀ တန်က ကျန်သွားမယ်။ ဝယ်လိုအားနဲ့ရောင်းလိုအားမှာ ဝယ်လိုအားနည်းနေပြီး ရောင်းလိုအား များနေတာ။ အဝယ်မရှိတော့ ဈေးကျတယ်။ ထီသမိုင်းမှာအဆိုးဆုံးလို့ပြောလို့ရတယ်” ဟု ဦးစန်းယုက ပြောပါတယ်။

ကျပ် ၁၀၀၀ တန် ထီတစ်စောင်လျှင် ကျပ် ၉၁၀ ခန့်အရင်းရှိပြီး လက်ရှိတွင် ထီလက်မှတ်များ လက်ထဲမကျန်စေရန်အတွက် ကျပ် ၁၀၀၀ တန်ထီတစ်စောင်လျှင် လက်ကားဆိုင်ကြီးများ၌ ကျပ် ၇၀၀ ခန့်အထိ အရှုံးခံ ရောင်းချနေရပါတယ်။

ရန်ကုန်မြို့အတွင်းရှိ လက်ကားဆိုင်ကြီးများ၏ လက်ခွဲဆိုင်များတွင် ကျပ် ၁၀၀၀ တန်ထီတစ်စောင်လျှင် ကျပ် ၁၀၀၀ ဖြင့်သာရောင်းချသော်လည်း ကျပ် ၁၀၀၀ ထီလက်မှတ် ၅ စောင်ဝယ်ယူပါက ကျပ် ၅၀၀ တန်ထီလက်မှတ် ၁ စောင် လက်ဆောင်ပြန်ပေးခြင်း၊ ၁၀ စောင်ဝယ်ယူပါက ကျပ် ၅၀၀ တန် ထီ ၂ စောင် နှင့် စုံတွဲအုပ်လိုက်ဝယ်ယူပါက ကျပ် ၅၀၀ တန်ထီငါးစောင် လက်ဆောင်ပေးလျက်ရှိပါတယ်။

ဖေဖော်ဝါရီလ၊ ဧပြီလနှင့် နိုဝင်ဘာလများမှာ ထီရောင်းအားကျသည့်လများဖြစ်ပြီး ယခု ဖေဖော်ဝါရီလတွင် ကျပ် ၁၀၀၀ တန်ထီကို ကျပ် ၅၀၀ တန်ထီနှင့်အတူ စတင်ရောင်းချခြင်းဖြစ်ကြောင်း ထီဥပဒေအရ ကျပ် ၁၀၀၀ တန်ထီလက်မှတ်ကို ကျပ် ၁၀၀၀ အောက်ရောင်းချခြင်းမပြုရသဖြင့် ငွေကြေး လျှော့ချရောင်းခြင်းမဟုတ်ဘဲ ထီလက်မှတ် လက်ဆောင်ပြန်ပေးခြင်းဖြစ်ကြောင်းသိရပါတယ်။

The Myanmar Times

Local News Read 447 times