ထိုင်းအစိုးရ စွမ်းအင်ဝန်ကြီး Supattanapong Punmeechaow က တစ်နိုင်ငံလုံးရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ယက်အား ဘေးကင်းလုံခြုံရေးပြန်လည်စစ်ဆေးရန် အရာရှိများအားညွှန်ကြားခဲ့သည်။
အောက်တိုဘာလ တွင် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုလို ညွှန်ကြားလိုက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် သောကြာနေ့က အသက်ဆုံးရှုံးမှု ဖြစ်ပွားခဲ့သော ဓာတ်ငွေ့ပိုက်လိုင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ အစိုးရတာဝန်ရှိသူများနှင့် လူထု၏ စိုးရိမ်မှုများ တိုးပွားသွားစေခဲ့သည်။ စွမ်းအင်ဝန်ကြီး Supattanapong က အလားတူ ဖြစ်ရပ်မျိုး နောက်ထပ် မဖြစ်ပွားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အခေးအနက် ပြောကြားခဲ့သည်။
အောက်တိုဘာလ တွင် ဖြစ်ပွားခဲ့သော ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး ၅၀ ဦးကျော် ဲဏ်ရာ ရရှိခဲ့ကြသည်။ ဓာတ်ငွေ့ ဖြန့်ဖြူးသည့် ပိုက်လိုင်းများ အနီးတဝိုက်တွင် နေထိုင်ကြသော ရွာသူရွာသားများ စိုးထိတ်စရာ ဖြစ်နေသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဖြစ်သော PTT Plc က အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှုများလည်း ရှိသည်။ ပိုက်လိုင်းများ၏ သက်တမ်း အိုမင်းနေခြင်းကြောင့် စိုးရိမ်စရာ ပိုဖြစ်နေစေသည်။
အမျိုးသားရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းစု PTT Plc သည် ကီလိုမီတာ ၄,၂၀၀ ကျော် အလျားရှိသော ကုန်းတွင်းနှင့်ကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများမှ တဆင့် ဓာတ်ငွေ့ဖြန့်ဖြူးခြင်းကို လုပ်ကိုင်သည်။ လုပ်ငန်းလည်ပတ်လုပ်ကိုင်မှုများကို Energy Regulatory Commission က ကြီးကြပ်သည်။
ဘေးကင်းလုံခြုံရေး ပြန်လည်စစ်ဆေးခြင်းကို ဓာတ်ငွေ့ပိုက်လိုင်းများ သာမက ရေနံပိုက်လိုင်းများကိုလည်း ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း စွမ်းအင်ဝန်ကြီး Supattanapong က ပြောကြားသည်။ ထိုင်းနိုင်ငံတွင် ရေနံပိုက်လိုင်းကွန်ရက်သည် ရေနံချက်သန့်စင်စက်ရုံများနှင့် ရေနံသိုလှောင်ရာနေရာများဆီသို့ သွယ်တန်းထားရာ အလျား ကီလိုမီတာ ၄၀၀ ကျော် ရှိသည်။
ထို့ပြင် ဖြန့်ဖြူးရေးအတွက် သုံးစွဲသည့် ရေနံပိုက်လိုင်း ကွန်ရက်လည်း ရှိနေသေးသည်။ Thai Petroleum Pipeline Co and Fuel Pipeline Transportation Co. မှ လုပ်ကိုင်သော ဒုံမောင်နှင့် သုဝဏ္ဏဘူမိ လေယာဉ်ကွင်းသို့ လောင်စာဆီ ဖြန့်ဖြူးသည့် ပိုက်လိုင်း ရှိသည်။ ဆောက်လုပ်လက်စဖြစ်သော ပိုက်လိုင်းအသစ်များလည်း ရှိသည်။
လူထုအနေဖြင့် စိုးရိမ်ကြရသည်မှာ ပိုက်လိုင်းများတွင် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက စတင်သုံးစွဲခဲ့သော ပိုက်လိုင်းများ ပါဝင်နေပေရာ ဆွေးသည့်နေရာများ ရှိနေပြီ ဖြစ်သည်။ ထိုင်း-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းသည် ၁၉၉၇ ခုနှစ်တွင် စတင်သုံးစွဲခဲ့ခြင်း ဖြစ်သည်။ အဆိုပါပိုက်လိုင်းသည် မြန်မာနိုင်ငံ၏ ရတနာ ဓာတ်ငွေ့သိုက်များမှ သဘာဝ ဓာတ်ငွေ့များကို Electricity Generation Authority of Thailand ၏ ၂,၈၀၀ မီဂါဝပ် လျှပ်စစ်ဓာတ်အား စက်ရုံသို့ သွယ်တန်းပေးထားသည်။
စက်ရုံသည် ရက်ချာဘူရီတွင် တည်ရှိသော်လည်း ပိုက်လိုင်းသည်စက် ရုံသို့ ဖြောင့်ဖြောင့်တန်းတန်း သွယ်တန်း မထားချေ။ ကန်ချာနာဘူရီတွင် တည်ရှိသော Thong Pha Phum, Sai Yok နှင့် Dan Makhamtei ခရိုင်များကို ဖြတ်သန်းပြီးမှ ရက်ချာဘူရီရှိ ချွမ်ဘန်းခရိုင်မှ စက်ရုံသို့ ဆိုက်ရောက်သည်။ ဒေသခံ အရာရှိများသည် ပိုက်လိုင်းတစ်လျှောက်တွင် သတိပေးဆိုင်းဘုတ် များ ထားရှိမည် ဖြစ်သည်။
Mr Supattanapong က ဘေးကင်းလုံခြုံရေးကို ဂရုတစိုက် လုပ်ကိုင်ကြရန် မှာကြားသည်။ ပိုက်လိုင်းများကိုလည်း စေ့စေ့စပ်စပ်ဖြင့် စစ်ဆေးရန်လည်း ညွှန်ကြားသည်။
Myanmar Industry Guide
Ref: Bangkok Post