၂၀၁၇ ဒီဇင်ဘာမှ ယခုချိန်ထိ ပြည်ပသို့ ကျွဲနွားကောင်ရေနှစ်သိန်းကျော် တင်ပို့နိုင်ခဲ့


28 November, 2018

၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ယခုချိန်ထိ ပြည်ပသို့ကျွဲနွားကောင်ရေစုစုပေါင်း ၂၁၅၃၃၃ ကောင်တင်ပို့ခဲ့ပြီး တန်ဖိုးငွေ အမေရိကန်ဒေါ်လာ၂၆၁ ဒသမ ၂၆၄ သန်းရရှိထားကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပြချက်အရသိရပါတယ်။

နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေး၊ သတ္တမနေ့တွင် ပြောကြားခြင်းဖြစ်ပါတယ်။ယင်းအစည်းအဝေး၌ ပွင့်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချနေသော ကျွဲ၊ နွားများအား ပြည်ထောင်စုအစိုးရ၊တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့က မည်ကဲ့သို့ စီမံခန့်ခွဲပြီး ခွင့်ပြုထားသည်ကို သိလိုကြောင်း မေးမြန်းခဲ့ပြီး အဆိုပါမေးခွန်း နှင့် စပ်လျှဉ်းဖြေကြားစဉ် ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 “ကျွဲ၊ နွား ပြည်ပသို့တင်ပို့ခွင့်ပြုခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလကစပြီး ယခုအထိ တရားဝင်တင်ပို့ခွင့်ပြုသည့် ကောင်ရေဟာ ကျွဲ ၂၈၆၃၂ ကောင်နှင့် နွား ၁၈၆၇၀၁ ကောင် စုစုပေါင်း ၂၁၅၃၃၃ ကောင် တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ ၂၆၄ သန်းမျှရှိပါတယ်။ ရောဂါကင်းရှင်းတဲ့ ကျွဲ၊ နွားများ တင်ပို့ရေးအတွက်ကိုလည်း မြန်မာနိုင်ငံမွေးမြူရေး နှင့် ကုသရေးဦးစီးဌာနက ယူနမ်ပြည်နယ် ကုန်ပစ္စည်းအရည်အသွေးထိန်းချုပ်ရေး၊ စစ်ဆေးရေး နှင့် ပိုးမွှားကင်းစင်ရေး အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ နှင့် ညှိနှှိုုင်းလျက်ရှိပြီး နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရေးကို ညှိနှိုင်းလျက်ရှိပါတယ်” ဟု သိခဲ့ရပါတယ်။

ပြည်တွင်း၊ ပြည်ပကိုတင်ပို့ရောင်းချနေသော ကျွဲ၊ နွားများကို ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ်၊ တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက်လက်မှတ်၊ မွေးမြူရေးခြံလုပ်ငန်း မှတ်ပုံတင်လက်မှတ်တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပေးပြီး ထောက်ခံချက် တစ်စောင်လျှင် အကောင်တစ်ရာအတွက် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောခဲ့ပါတယ်။ထိုထောက်ခံချက်များအတိုင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပို့ကုန်လိုင်စင်ခွင့်ပြုထုတ်ပေးလျှက်ရှိပြီး ပို့ကုန်လိုင်စင် ထုတ်ပေးထားမှုများကိုလည်း သက်ဆိုင်ရာတိုင်း နှင့် ပြည်နယ်အဖွဲ့အစည်းများသို့ အသိပေး၍ လမ်းကြောင်းအလိုက် လွယ်ကူလျှင်မြန်စွာ ဖြတ်သန်းသွားနိုင်ရေးတို့ကိုလည်း ကူညီဆောင်ရွက်လျှက်ရှိပါတယ်။

 “နိုင်ငံတော်မှရသင့်ရထိုက်သော အခွန်ဘဏ္ဍာများ မှန်မှန်ကန်ကန်ရရှိရေး ဆောင်ရွက်ထားရှိမှု နှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနသည် ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချသော ကျွဲ၊ နွားများကို ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်လက် မှတ်ထုတ်ပေးခြင်း၊ တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက်ထုတ်ပေးခြင်း၊ မွေးမြုရေးခြံလုပ်ငန်း မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းစသည်တို့အတွက်ရရှိလာတဲ့ အခကြေးငွေများကို တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့ရဲ့ရန်ပုံငွေကို ပေးသွင်းလျက်ရှိပါတယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။''ဒါ့ပြင် ပြည်ပသို့တင်ပို့မယ့် ကျွဲနွားများအတွက် ကျန်းမာရေးစစ်ဆေးရေးအခကြေးငွေကို အစိုးရအဖွဲ့ ရန်ပုံငွေသို့ ပေးသွင်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါတယ်” ဟု ၎င်းက ပြောကြားချက်မှ သိခဲ့ရပါတယ်။

 

Export, Import Read 520 times