လိုအပ်တဲ့အချိန် ပြောင်းလဲသတ်မှတ်မည့် အခြေခံစပါးဈေးနှုန်း


06 May, 2019

အခြေခံစပါးဈေးနှုန်းကို လိုအပ်တဲ့အချိန်မှာ ပြောင်းလဲသတ်မှတ်ဖို့ စောင့်ကြည့်ထိန်းကျောင်းနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောပါတယ်။

ဒုဝန်ကြီးဦးလှကျော်က “အခြေခံစပါးဈေးနှုန်းကို ဈေးကွက်အနေအထား ပြောင်းလဲဖြစ်ပေါ်လာမှုတွေနဲ့အညီ စိုက်ပျိုးထုတ်လုပ်သူ လယ်သမားတွေရဲ့ အကျိုးစီးပွားကို အဓိကရှေးရှုပြီး လိုအပ်တဲ့အချိန်မှာ ပြောင်းလဲသတ်မှတ်ဖို့ တောင်သူလယ်သမား အခွင့်အရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့က ဆောင်ရွက်ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ဆန်စပါး ဈေးကွက်လေ့လာခြင်း၊ ဈေးနှုန်းအခြေအနေများ သုံးသပ်ခြင်းတွေ  ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ ပါဝင်တဲ့ ဆန်စပါးဈေးကွက် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းပြီး စောင့်ကြည့် ထိန်းကျောင်းနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ ပြီးခဲ့တဲ့နှစ် မတ်လက စပါးအခြေခံဈေးနှုန်းကို တစ်တင်းလျှင် ကျပ် ၅ဝဝဝနှုန်းနဲ့ သတ်မှတ်ခဲ့ပြီး ဒီနှစ်နွေစပါးမှာလည်း အသစ်မထုတ်ပြန်ခင်အထိ သတ်မှတ်ထားတဲ့နှုန်းအတိုင်း ဝယ်ယူကြဖို့ ထုတ်ပြန်ထားပါတယ်။

ဒုဝန်ကြီးကတော့ အခုလို အခြေခံဈေးနှုန်းတစ်တင်းလျှင် ကျပ် ၅ဝဝဝ သတ်မှတ်ထားပေမဲ့လည်း စပါးအများဆုံးထွက်ရှိတဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ အခြေခံဈေးနှုန်းထက် မြင့်တဲ့ဈေးနှုန်းနဲ့ ရောင်းဝယ်မှုတွေရှိနေတယ်လို့ ပြောပါတယ်။

လက်ရှိ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာ နွေစပါးတွေ ထွက်ရှိနေပြီဖြစ်ပြီး မန္တလေးတိုင်းနဲ့ နေပြည်တော်အပါအဝင် တခြားဒေသတွေကတော့ နွေစပါးတွေ မထွက်ရှိသေးဘူးလို့ သိရပါတယ်။

အသင်းချုပ်ကနေ လက်ရှိ သတ်မှတ်ထားတဲ့ အခြေခံဈေးနှုန်းဟာ သင့်တင့်တဲ့နှုန်းထားဖြစ်ပေမဲ့လည်း အရည်အသွေးသတ်မှတ်ချက်မှာ လိုက်နာဖို့ ခက်ခဲတာ၊ ဝယ်သူတွေ အားလုံးလိုက်နာဖို့လိုတာ စတဲ့အပိုင်းတွေမှာတော့ လိုအပ်ချက်တွေ ရှိနေတယ်လို့ တောင်သူတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

Kumudra

Local News Read 617 times