ပြည်တွင်းမှ ကြိမ်ဖြင့် ထုတ်လုပ်သည့် အမျိူးသမီး လက်ကိုင်အိတ်ပုံစံအဆန်းများနှင့် လက်မှုပစ္စည်းများကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန်စီစဉ်နေကြောင်း ကြိမ်လက်မှုအနုပညာပစ္စည်း ထုတ်လုပ်ရောင်းချ သူများထံမှ သိရှိရသည်။
"မြန်မာနိုင်ငံကနေ ကြိမ်နဲ့ လက်မှုပစ္စည်းထုတ်လုပ်နိုင်တာကို ပြသချင်တာပါ။ အစ်မလုပ်တာ တစ်နှစ်လောက်ရှိ ပြီ။အခု ပြည်တွင်းမှာ စိတ်ဝင်တစားဝယ်ယူတာလည်းများပြားတယ်။ ပြည်ပကိုတင်ပို့နိုင်ဖို့လုပ်ဆောင်နေတယ်။" ဟု ကြိမ်လက်ကိုင်အိတ်ထုတ်လုပ်ရောင်းချသည့် Stella Collection မှ Founder မဆွေဇင်က ပြောသည်။
ကြိမ်ဖြင့်ပြုလုပ်သည့် လက်မှုအနုပညာပစ္စည်းများကို အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ထုတ်လုပ်မှု ရှိသော်လည်း ရာနှုန်းပြည့် ကြိမ်ဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲ ၎င်းတို့နှင့် အရည်အသွေးပိုင်းဆိုင်ရာတွင် ယှဉ်ပြိုင်နိုင်သည့် အနေအထားရှိကြောင်း မဆွေဇင်က ဆက်ပြောသည်။ပြည်တွင်းမှထုတ်ကုန်ဖြစ်ခြင်းကြောင့် နိုင်ငံတကာသို့ ဂုဏ်ယူစွာရောင်းချနိုင်ရေးအတွက် ပြည်ပဈေးကွက်ရရှိ ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း လက်ရှိတွင်လည်း ပြည်တွင်း၌ ရောင်းအားကောင်းပြီး စိတ်ဝင်စားမှုများပြား ကြောင်း သိရသည်။
"ထုတ်ကုန်အရည်အသွေးက ရှိပြီးသားပါ။ ကြိမ်နဲ့လုပ်တဲ့ ပစ္စည်းတွေ တင်ပို့နေတာတွေရှိတယ်။ အခု လက်ကိုင် အိတ်ကတော့ အသစ်အဆန်းလေးသဘောပါ။ နိုင်ငံတကာဈေးကွက်လည်းရှိတယ်။ အရည်အသွေးကတော့ မှီ တယ်။ ဈေးနှုန်းကိုယှဉ်နိုင်ဖို့ အစိုးရဖက်က ပြင်ဆင်ပေးရမယ့် အရာလေးတွေရှိတယ်။ ပြည်တွင်းက ထုတ်ကုန်ကို တင်ပို့နိုင်ရင် နိုင်ငံခြားဝင်ငွေရမယ်။"ဟု မြန်မာနိုင်ငံကြိမ်ဝါးလုပ်ငန်းရှင်များအသင်းမှ ဒုတိယ ဥက္ကဌ ဦးမြင့်ဦးက ပြောသည်။
ကြိမ်လုပ်ငန်းမှာ ပြည်ပသို့တင်ပို့မှုရှိနေသဖြင့် အချောထည်လုပ်ငန်းများဖွံဖြိုးတိုးတက်လာပြီး ပြည်ပတင်ပို့မှုများ ပိုမိုလုပ်ဆောင်နိုင်ပါက အလုပ်အကိုင်အခွင့်လမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း ဦးမြင့်ဦးက ပြောသည်။ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း၊ တောင်ကိုးရီယား၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့ကို စတင်ရောင်းချနိုင်ရန် ရည်ရွယ်ထားပြီး နိုင်ငံတကာနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်ရန် ဈေးနှုန်းကွာဟချက်နည်းပါးအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
အစိုးရအနေဖြင့်လည်း ကြိမ်လက်မှုပစ္စည်းများ တင်ပို့ရာတွင် လုပ်ဆောင်ရသည့် အချက်များကို ဖြေလျော့ပေးရန်လိုအပ်ပြီး ပြည်တွင်းထုတ်လက်မှုပစ္စည်းများ တိုးတက်စေရေး ပံ့ပိုးကူညီမှုများစွာ လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။
myanmar harp