မြန်မာ့ သံဖြူတင်ပို့မှု လျော့ကျသဖြင့် ကမ္ဘာ့သံဖြူဈေး စံချိန်တင် မြင့်တက်


30 July, 2021

အီလက်ထရွန်းနစ် ပစ္စည်းတွေမှာ အသုံးများတဲ့ သံဖြူသတ္တု ရရှိနိုင်မှုဟာ အာရှနဲ့ မြန်မာနိုင်ငံတို့မှာ ကိုဗစ်နဲ့ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ကမ္ဘာ့ဈေးကွက်ထဲ ရရှိနိုင်မှု ထိုးကျသွားတဲ့အတွက် သံဖြူဈေးနှုန်းထိုးတက် သွားစေခဲ့ပါတယ်။ 

သံဖြူဈေးနှုန်း အမြင့်မားဆုံး ရေချိန်သို့ စံချိန်တင် ရောက်ရှိသွားခဲ့ရာ တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၃၄,၀၀၀ နီးပါးအထိ ရောက်ရှိသွားခဲ့တယ်။ အိမ်သုံး အီလက်ထရွန်းနစ် ပစ္စည်းတွေ ထုတ်လုပ်တာမှာ အရေးပါတာကြောင့် သံဖြူကုန်ကြမ်း ပြတ်လပ်မှာကို စိုးရိမ်ပြီး အဝယ်လိုက်တာကြောင့် အခုလို ဈေးနှုန်း ထိုးတက်သွားတာ ဖြစ်ပါတယ်။ 
လန်ဒန် သတ္တုဒိုင်  London Metal Exchange မှာ ယခင်စံချိန်ဟောင်း တစ်တန်ဈေး အမေရိကန်ဒေါ်လာ ၃၃,၆၀၀ ကိုထက် ပိုများပြီး အမေရိကန်ဒေါ်လာ ၃၃,၈၀၀ သို့ ရောက်ရှိခဲ့တဲ့အပြင် တက်ရိပ် ဆက်ရှိနေခဲ့ပါတယ်။ 

ကုန်သည်တွေနဲ့ ဆန်းစစ်ခန့်မှန်းသူတွေက အာရှသံဖြူ ရရှိမှုဟာ Covid-19 Delta မျိုးကွဲကြောင့် ကုန်ကြမ်စီးဆင်းမှုတွေ ပြတ်တောက်ကုန်တဲ့အပြင် ထုတ်လုပ်သန့်စင်တဲ့အပိုင်းမှာလည်း ပြတ်တောက်မှုတွေ ရှိနေတာကို တွေ့ရတာကြောင့် ဝယ်ယူစုဆောင်းမှုတွေ ပြုဖို့ အားသန်နေကြပါတယ်။ 
အခြားတစ်ဘက်မှာတော့ အိမ်သုံးအီလက်ထရွန်းနစ်ပစ္စည်းတွေ ရောင်းအားတက်နေတာကြောင့် ကုန်ကြမ်းသံဖြူ လိုအပ်တဲ့ပမာဏာ  ပိုများလာနေပါတယ်။ 

သံဖြူကို အီလက်ထရွန်းနစ် ပစ္စည်းတွေမှာ ပါတဲ့ ဆားကစ်ဘုတ်တွေ ဂဟေသွန်းလောင်းဖို့ သုံးစွဲကြတယ်။ ကိုဗစ်ကြောင့် လူတွေ အိမ်မှာ နေကြရပြီး အိမ်မှ အလုပ်လုပ်ကြရတဲ့အခါ လက်ပ်တော့၊ တက်ဘလက် စတာတွေ မရှိမဖြစ် ဝယ်ယူကြရတာမို့ ရောင်းအားတက်ခဲ့ပါတယ်။ ထုတ်လုပ်မှုအပိုင်းမှာ ကုန်ကြမ်းသံဖြူဝယ်ယူမှု ပိုများလာခဲ့ပါတယ်။ ဝယ်လိုအားက ၂၀၂၀ မတ်လတုန်းကထက် ၁၃၃% ပိုများသွားခဲ့ပါတယ်။ ဝယ်လိုအားများလာချိန်မှာ ဈေးကွက်ထဲ ပေးသွင်းတာတွေက လျော့ကျလာနေလို့ ဈေးတက်ပြီးရင်း တက်လာခဲ့တာ ဖြစ်ပါတယ်။ 
အခြေအနေကို ပိုဆိုးဝါးသွားစေတာ ကမ္ဘာ့သံဖြူထုတ်လုပ်မှုမှာ တတိယအများဆုံး ဖြစ်တဲ့ မြန်မာနိုင်ငံမှ သံဖြူတင်ပို့မှုတွေ သိသိသာသာ လျော့ကျနေခဲ့တာ ဖြစ်ပါတယ်။ 
သံဖြူဈေးကွက်ရဲ့ ထူးခြားချက်က ရွှေကဲ့သို့သော အခြားသတ္တုတွေလို အမေရိကန်ဒေါ်လာ ငွေလဲနှုန်း အတက်အကျကြောင့် ဈေးနှုန်းအပြောင်းအလဲ မဖြစ်ပေါ်ဘူး။ သံဖြူသတ္တုတင်ပို့နိုင်တဲ့ ပမာဏအနည်းအများကြောင့်သာ ဈေးအတက်အကျ ဖြစ်ပေါ်ပါတယ်။ 

သံဖြူတွေက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သတ္တုရိုင်းအဖြစ် တင်ပို့ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ရှိတဲ့ သတ္တုသန့်စင်စက်ရုံတွေမှာ သတ္တုသန့်စင်ရေးကို လုပ်ဆောင်ကြတယ်။ ယူနန်မှာ အပူလှိုင်းကြောင့် လျှပ်စစ်ဓာတ်အား ပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့လို့ သံဖြူသတ္တုသန့်စင်စက်ရုံတွေ  အရေကြိုသန့်စင် ထုတ်လုပ်မှုတွေ လျော့ကျခဲ့တယ်။ မိုးခေါင်တာကြောင့်  ရေအားလျှပ်စစ်ထုတ်လုပ်မှု လျော့ကျခဲ့ပြီး သံဖြူ အရေကြိုသန့်စင်စက်ရုံအချို့ ၁၀ ရက်မှ ၂၀ ရက်အထိ ပိတ်ထားခဲ့ကြရတယ်။ အဲဒီအတွက်ကြောင့်ထုတ်လုပ်မှုပမာဏ တန်ချိန် ၁၀၀၀ မှ ၂၀၀၀ အထိ လျော့ကျခဲ့တယ်လို့ နိုင်ငံတကာ သံဖြူအသင်း  International Tin Association က ဆိုပါတယ်။

မြန်မာနိုင်ငံမှ တင်ပို့တဲ့ နီကယ်ပမာဏလည်း သိသိသာသာ လျော့ကျခဲ့တာကြောင့် တစ်တန် အမေရိကန်ဒေါ်လာ ၁၉၀၀၀ နီးပါးအထိ ဈေးတက်သွားခဲ့တယ်။ ကြေးနီကတော့ ဈေးကျပြီး တစ်တန်ကို အမေရိကန်ဒေါ်လာ ၉၄၂၉ ပေါက်ဈေး ဖြစ်ခဲ့တယ်။ 


Soure:ft.com

ဆက်စပ်ဖတ်ရှုရန် 

မြန်မာ့နီကယ်သတ္တုရိုင်း တရုတ်တင်သွင်းမှု လျော့ကျ
 

Export, Import Read 926 times