ပုဂ္ဂလိကဘဏ်အသစ်များ ထပ်မံခွင့်ပြုသွားရန် ဘဏ် ငါးခု ကိုစိစစ်နေ


22 March, 2018

ဘဏ်လုပ်ငန်းလာရောက်လုပ်ကိုင်ခြင်းမရှိသေးသော ဒေသများတွင် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ကျယ်ပြန့်စွာဆောက်ရွက်လာနိုင်သဖြင့် ဘဏ်အသစ်များဖွင့်လှစ်ခွင့်ကို ရပ်ဆိုင်းထားဦးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါသည်။လက်ရှိခွင့်ပြုထားသော ပြည်တွင်းဘဏ် ၂၄ ခုအနက် ပုဂ္ဂလိကဘဏ် ၇ခုနှင့် ဆက်သွယ်ရေးကုမ္ပဏီ ၄ ခုတို့က မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုများ ဆောက်ရွက်လျက်ရှိကြောင်း သိရပါသည်။

နိုင်ငံအတွင်း ပထဝီအနေအထားအရ ဘဏ်များ၏အရေအတွက်၊ လူဦးရေပမာဏနှင့် လက်ရှိစီးပွားရေး အခြေအနေများအရ သင့်တင့်မျှတသည့်အပြင် ခေတ်မှီနည်းပညာဖြစ်သော မိုဘိုင်းဖုန်းများကို အသုံးပြု၍ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ ငွေလွှဲပြောင်းခြင်းနှင့် ငွေပေးချေခြင်းစသော လုပ်ငန်းများတွင် ကျယ်ပြန့်စွာ ဆောင်ရွက်လာနိုင်သောကြောင့် ဘဏ်အသစ်ခွင့်ပြုခြင်းကို ရပ်ဆိုင်းရခြင်းဖြစ်သည်ဟု ၎င်းကထပ်မံပြောခဲ့ပါသည်။

ထို့အပြင် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းအတွက် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းဖြစ်သည့် ပြည်တွင်း၊ ပြည်ပပုဂ္ဂလိက ကုမ္ပဏီများသည် အဆိုပါဝန်ဆောင်မှုပေးရန် ခွင့်ပြုချက်အများအပြားတောင်းခံလျက်ရှိကြောင်း သိရပါသည်။

ယခင်နှစ် ဒီဇင်ဘာလအတွင်းက နိုင်ငံတော်သမ္မတရုံးက ဗဟိုဘဏ်ကို ထပ်မံခွင့်ပြုနိုင်ရေး စီစစ်ရန် တိုက်ရိုက်ညွှန်ကြားထားသော ဘဏ် ၅ ခုကိုသာ လက်ရှိတွင် စိစစ်လျက်ရှိကြောင်း သိရပါသည်။

အဆိုပါဘဏ် ငါးခုသည် မြန်မာ့ခရီးသွားလုပ်ငန်းဘဏ်၊ သတ္တုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ ဂုဏ်ထူးဆောင် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ် လယ်သမားများဖွံ့ဖြိုးတိုးတက်ရေးဘဏ်(မန္တလေး)နှင့် ရွှေနန်းစောဘဏ် တို့ဖြစ်ကြပါသည်။

ပြည်တွင်း ပုဂ္ဂလိကဘဏ်ခွင့်ပြုပေးခဲ့မှုအဖြစ် ၂၀၁၅ နိုဝင်ဘာလတွင် ဧရာဝတီ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကို နောက်ဆုံးခွင့်ပြုပေးခဲ့ပြီး အသစ်ထပ်မံခွင့်ပြုပေးခဲ့ခြင်း မရှိခဲ့ဘဲ လက်ရှိအချိန်ထိ နိုင်ငံခြားဘဏ်ခွဲများအနေဖြင့် ၁၃ ခု ပြည်တွင်းပုဂ္ဂလိက ဘဏ် ၂၄ ခု ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရပါသည်။

Banking & Loan Read 629 times