ရွှေဈေးကျစေရန်အတွက် အချက်သုံးချက်ကို ထိန်းချုပ်ထား


25 September, 2018

ဒေါ်လာဈေးနှင့် အပြိုင်မြင့်တက်ခဲ့သော ရွှေဈေးနှုန်းကိုထိန်းချုပ်ရန်အတွက် လေပတ်ကားဝယ်ယူမှု အပါအဝင် အချက်သုံးချက်ကို မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ ထိန်းချုပ်ထားကြောင်း မြန်မာနိုင်ငံသတ္တုတွင်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးခင်မောင်ဟန်က ပြောသည်။

ထိန်းချုပ်ခဲ့
ရွှေဈေးနှုန်းစံချိန်တင်မြင့်တက်ခဲ့ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ အစည်းအဝေးတစ်ရပ်ကျင်းပကာ ရွှေဈေးနှုန်းကျဆင်းစေရေးအတွက် ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

"ပထမတစ်ချက်ကတော့ ရွှေကိုဝယ်မယ်ရောင်းမယ်ဆိုရင် ကြိုက်သလောက်ရောင်း ကြိုက်သလောက် ဝယ်လို့ရပေမယ့် ငွေလက်ငင်းစနစ်သာအန်ကယ်လို့လက်ခံပါတယ်။ သဘောက လေနဲ့ပေးပြီး ရောင်း ဝယ်တာမျိုး မဟုတ်ဘဲနဲ့ ငွေကိုလက်ငင်းပေးချေတဲ့စနစ်နဲ့အရောင်းအဝယ်လုပ်ရမယ်။ နောက်ဒုတိယ တစ်ချက်ကတော့ မိမိတစ်နိုင်တစ်ပိုင်ပဲလုပ်လို့ရမယ်။ တစ်နိုင်တစ်ပိုင်ဆိုတာ တချို့က မီတာပေးပြီး ဝယ်တာရှိတယ်။ ဈေးတက်အောင်လုပ်မယ်ဆိုပြီး အဲဒီလိုလုပ်တာမဟုတ်ဘဲ မိမိအိတ်ကပ်ထဲမှာ ပိုက်ဆံ ရှိသလောက်တစ်နိုင်တစ်ပိုင်ပဲ အရောင်းအဝယ်လုပ်လို့ရမယ်။ နောက်တတိယ တစ်ခုက ကြိုရောင်းကြိုဝယ်မလုပ်ပါနဲ့လို့ မေတ္တာရပ်ခံတယ်။ ကြိုရောင်းကြိုဝယ်စနစ်ကလည်း ဈေးအတက် အကျဖြစ်စေတယ်ပေ့ါနော်။ အဲဒီကြိုရောင်းကြိုဝယ်စနစ်မလုပ်ပါနဲ့ဆိုပြီးတော့ မေတ္တာရပ်ခံထားတာ ရှိတယ်။ ဒါကြောင့်မို့လို့ ရွှေဈေးက စနေနေ့(စက်တင်ဘာ ၂၂ရက်)လောက်ကတည်းက စကျလာတာ ပေါ့နော်" ဟု မြန်မာနိုင်ငံသတ္တုတွင်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဟန် က ပြောပြသည်။

သတိပေးတားမြစ်
ရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် အချက်သုံးချက်တားမြစ်ထားသော်လည်း ပြင်ပတွင် ရောင်းဝယ် မှုများ ဖြစ်လာပါက သတိပေးတားမြစ်သွားမည်ဟု ဆိုသည်။

"အန်ကယ်တို့က Warning ပေးတဲ့အဆင့်ပဲရှိပါတယ်။ အန်ကယ်တို့က အာဏာပိုင်အဖွဲ့အစည်း မဟုတ်ပါဘူး" ဟု ဦးခင်မောင်ဟန် က ဆက်ပြောသည်။

ရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ရွှေဈေးနှုန်းကျဆင်းစေရန် လုပ်ဆောင်နေပြီး နိုင်ငံတော်ဘက်မှ လည်း ဗဟိုဘဏ်မှတစ်ဆင့်ဒေါ်လာဈေးကျဆင်းစေရေးထိန်းချုပ်ပေးရန်လုပ်ဆောင်ပေးပါက ပိုမို အဆင်ပြေနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

ပြည်တွင်းရွှေဈေးနှုန်းသည် စက်တင်ဘာ ၁၈ ရက်နေ့၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ၁,၀၀၀,၀၀၀ ကျပ် နှင့် ၁၅ ပဲရည်ရွှေတစ်ကျပ်သား ၉၄၁၂၀၀ ကျပ်သို့ရောက်ရှိလာခဲ့သည်။ ထိုစဉ်မှစ၍ စက်တင် ဘာလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင်မူ အခေါက်ရွှေတစ်ကျပ်သား ၁,၀၅၀,၀၀၀ ကျပ် နှင့် ၁၅ပဲရည် တစ်ကျပ်သား ၉၈၈,၂၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်မှုရှိခဲ့သည်။ ရွှေဈေးနှုန်း စံချိန်တင်မြင့်တက် ချိန်တွင် အမေရိကန်ဒေါ်လာဈေးနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၆၁၀ ကျပ်မှ ၁၆၃၆ ကျပ်ကြားရှိနေပြီး နိုင်ငံတကာရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် ၁၂၀၁ ဒေါ်လာ ဖြစ်နေခဲ့သည်။

စက်တင်ဘာလ ၂၄ ရက်နေ့၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ၁,၀၁၂,၀၀၀ ကျပ် နှင့် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၉၅၂,၅၀၀ ကျပ် ဈေးနှုန်းရှိနေသည်ကိုတွေ့ရသည်။

Mizzima

Local News Read 427 times