လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြည့်ဆည်းရန် ဓာတ်အားပေးစက်ရုံများထပ်မံတည်ဆောက်မည်
လျှပ်စစ်ဓာတ်အား မဂ္ဂါ၀ပ် ၃၀၀၀ ကျော်ထုတ်လုပ်ပေးနိုင်မည့် LNG အသုံးပြု ဓာတ်အားပေးစက်ရုံ စီမံကိန်းလေးခုကို မြန်မာနိုင်ငံတွင် ပထမဆုံးတည်ဆောက်သွားပြီး ပြည်တွင်းတွင် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက လစဉ်သတင်းထုတ်ပြန်သည့်အခမ်းအနားတွင် ပြောခဲ့ပါသည်။
သဘာဝဓာတ်ငွေ့ရည်(LGN)ကို အသုံးပြု၍ ပြည်တွင်းတွင် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ပထမဆုံး LGNသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းလေးခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါစီမံကိန်းများမှာ ကန်ပေါက်စီမံကိန်း၊ မီးလောင်ဂျိုင်စီမံကိန်း၊ အလုံစီမံကိန်းနှင့် ကျောက်ဖြူစီမံကိန်းတို့ဖြစ်ကြောင်း သိရပါသည်။
စီမံကိန်းလေးခု အကောင်အထည်ဖော်စေရန်အတွက် ပြီးခဲ့သော ဇန်နဝါရီလ ၃၀ ရက်တွင် စီမံကိန်းဆောင်ရွက်မည့် ကုမ္ပဏီလေးခုနှင့် Notice to Proceed လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်၍ ၂၀၂၁ ခုနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လိုအပ်ပါက LNGကို ပြည်ပကပါ၀ယ်ယူမည်ဖြစ်ကြောင်း၊ ပြည်တွင်းရှိ ကမ်းလွန်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုလျော့နည်းလာ၍ ရေအားလျှပ်စစ်ကိုသာ အဓိကထား အသုံးပြုနေရသောကြောင့် ပြည်တွင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရည်(LNG)ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သိရပါသည်။
သဘာဝဓာတ်ငွေ့ရည်(LNG)ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် စီမံကိန်းလေးခုမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှာ ကန်ပေါက်စီမံကိန်းမှ ၁၂၃၀ မဂ္ဂါ၀ပ်၊ မီးလောင်ဂျိုင်စီမံကိန်းမှ ၁၃၉၀ မဂ္ဂါ၀ပ်၊ အလုံစီမံကိန်းမှ ၃၅၆ မဂ္ဂါ၀ပ်နှင့် ကျောက်ဖြူစီမံကိန်းမှ ၁၃၅ မဂ္ဂါ၀ပ် စုစုပေါင်း ၃၁၁၁မဂ္ဂါ၀ပ်တို့ ထုတ်လုပ်နိုင်မည်ဖြစ်၍ လက်ရှိပြည်တွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြစ်သည့် မဂ္ဂါ၀ပ် ၃၀၀၀ခန့်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
၎င်းစီမံကိန်းများကို TOTAL Gas & Power Business Service S.A.S နှင့် SIEMENS A.G ကုမ္ပဏီ၊ Zhefu & Sureme ကုမ္ပဏီ၊ TTCL Public ကုမ္ပဏီနှင့် Sinophydro & Supreme ကုမ္ပဏီတို့က လာမည့် ၂၀၂၁ ခုနှစ်တွင် အကော်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း တိုးတက်ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အားအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် LNG လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။