ငွေပေးချေမှုကဏ္ဍအတွင်း ငွေသားစက္ကူကိုသာ အဓိကအားထားသုံးစွဲခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ကြီးမားသည့် ဝန်ထုပ်တစ်ခုဖြစ်နေသည်ဟုဘဏ်လုပ်ငန်းကျွမ်းကျင်သူများနှင့် စီးပွားရေးပညာရှင်များက ပြောကြသည်။ ပြည်ပနိုင်ငံအသီးသီးတွင်လည်း ၎င်းဝန်ထုပ်ကိုလျှော့ချနိုင်ရန် အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ်ကို အစားထိုးသုံးစွဲနေကြသည်။
မြန်မာနိုင်ငံတွင် ငွေသားစက္ကူများအစား အီလက်ထရွန်းနစ်ငွေပေးချေမှုစနစ်ကို သုံးစွဲရန် ဆောင်ရွက်လာခဲ့သည်မှာ ခြောက်နှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ပြည်တွင်းဘဏ်လုပ်ငန်းများသည် ဗဟိုဘဏ်၏ဦးဆောင်မှုဖြင့် ၂ဝ၁၂ ခုနှစ် နှစ်ဆန်းပိုင်းကတည်းကပင် Myanmar Payment Union MPU အမည်ရှိ ကတ်စနစ်ဖြင့် ငွေပေးချေနိုင်ရန်အတွက် စတင်ဆောင်ရွက်လာခဲ့ကြသည်။
ယခုအခါတွင် ဘဏ်အသီးသီးမှ ထုတ်ဝေထားသည့် MPU ကတ်များအပြင် မိုဘိုင်းဖုန်းများမှတစ်ဆင့် ငွေပေးချေနိုင်သည့် မိုဘိုင်းဘဏ်လုပ်ငန်း အက်ပလီကေးရှင်းများ၊ မိုဘိုင်းပိုက်ဆံအိတ်ဟု ခေါ်ဆိုနိုင်သည့် Mobile Wallet များအထိ တိုးတက်လာခဲ့သည်။ ဘဏ်များမှ ထုတ်လုပ်ထားသည့် CB Pay ၊ KBZ Pay ၊ AGD Pay ၊ MAB Mobile ဘဏ်နှင့် Ongo မိုဘိုင်းအက်ပလီကေးရှင်းများက ငွေပေးချေမှုများအတွက် ထိရောက်သည့် ဝန်ဆောင်မှုများကို ပေးလာနိုင်နေပြီဖြစ်သည်။
အလားတူ ဆက်သွယ်ရေးအော်ပရေတာများနှင့် ချိတ်ဆက်ထားသည့် Wave Money၊ အမ်-ပိုက်ဆံ (MPitesan) နှင့် အော်ပရေတာများနှင့် ချိတ်ဆက်ထားခြင်းမရှိသည့် အိုကေဒေါ်လာ စသည့် မိုဘိုင်းဝန်ဆောင်မှုများလည်းရှိနေသည်။ သို့သော် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ် ကျယ်ပြန့်ထွန်းကားမှုသည် အားနည်းနေဆဲဖြစ်နေသည်။
ငွေပေးချေရာတွင် ငွေသားစက္ကူကိုသာ အားပြုသုံးစွဲနေခြင်းသည် မကောင်းသည့် အကျိုးဆက်များစွာကို ဖြစ်ပေါ်စေနိုင်သည်ဟု Myanmar Payment Union MPU ၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောသည်။
''နိုင်ငံတော်အနေနဲ့က ငွေသားကို ရိုက်နှိပ်ထုတ်လုပ်နေရတဲ့ ကုန်ကျစရိတ်ရှိတယ်။ ဒါကလည်း ပမာဏ အရမ်းများတယ်။ ဌာနတွေနဲ့ပတ်သက်လို့ အခွန်ကိစ္စ၊ လိုင်စင်ကိစ္စတွေအတွက် ငွေသားပေးချေမှုမှာ အဝင်အထွက်ကို စိစစ်ဖို့ ခက်ခဲစေတယ်။ မလိုလားအပ်ဘဲ အဂတိလိုက်စားမှုကို ဖြစ်ပေါ်လွယ်စေတယ်။ အများပြည်သူအတွက်က ငွေစက္ကူတွေဟာ အတုပြဿနာ၊ ပျက်စီးတဲ့ပြဿနာတွေ ရှိတယ်။ ငွေသားက သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်ကိုလည်း မြင့်မားစေတယ်''ဟု ဦးဇော်လင်းထွဋ်က ပြောသည်။
ငွေစက္ကူများရိုက်နှိပ်ရာတွင် တန်ဖိုးနည်းပါးသည့် အကြွေရိုက်နှိပ်မှုများသည် ငွေစက္ကူတန်ဖိုးထက် ကုန်ကျစရိတ်ပိုမိုများသည်ဟု စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။ ထို့အတွက် ၎င်းကုန်ကျစရိတ်များသည်လည်း အစိုးရ၏ ဘတ်ဂျက်အသုံးစရိတ်တွင် တစ်နည်းတစ်ဖုံဖြင့် ပါဝင်နေသည်ဟု ၎င်းက ပြောသည်။
''အီလက်ထရွန်းနစ် ငွေပေးချေစနစ် ထွန်းကားလာဖို့က အရမ်းအရေးကြီးတယ်။ အဲဒီအပေါ်မှာ အခြေခံပြီး တခြားသော စီးပွားရေးလုပ်ငန်းတွေရဲ့ ကြီးထွားမှုကို အရှိန်တစ်ခုဖြစ်စေနိုင်တယ်။ ပြည်ပနိုင်ငံတွေမှာလည်း တဖြည်းဖြည်း ပြောင်းလာတာကို တွေ့ရမှာပါ''ဟု စီးပွားရေးပညာရှင် ဒေါက်တာနိုင်ကိုကိုက ပြောသည်။
အခြားတစ်ဖက်တွင် အများသုံးယာဉ်လိုင်းများ၌ ယာဉ်စီးခများကို ကိုယ်တိုင်ပေးစနစ် ကျင့်သုံးလိုက်ပြီးနောက် နိုင်ငံသားများခံရသည့် ငွေသားသုံးစွဲမှု ဝန်ထုပ်ဝန်ပိုးကို ပိုမိုမြင်သာစေခဲ့သည်။ ယာဉ်စီးခပေးချေရန် ငွေအကြွေစုဆောင်းထားရခြင်းနှင့် အကြွေမရှိပါက ယာဉ်စီးခ ပိုမိုပေးချေလိုက်ရခြင်းများကလည်း အောက်ခြေလူတန်းစားများအတွက် အခက်အခဲတစ်ရပ်အဖြစ် ရှိလာနေသည်။
''ကားစီးတဲ့အခါ အကြွေမရှိရင် အရမ်းဒုက္ခရောက်တယ်။ ပြန်အမ်းငွေရဖို့ နောက်ကတက်လာတဲ့ ခရီးသည်တွေဆီမှာစောင့်ပြီး တောင်းရတာက လုံးဝအဆင်မပြေဘူး။ အခုကြားနေရတဲ့ ကတ်နဲ့ပေးလို့ရတယ်ဆိုတာကို မြန်မြန်ဖြစ်လာစေချင်နေပြီ''ဟု အများသုံးယာဉ်လိုင်းဖြင့် နေ့စဉ်အလုပ်အသွားအပြန်လုပ်ကိုင်နေသူ အသက် ၂၆ နှစ်အရွယ် မသီတာလွင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ယာဉ်စီးခပေးချေရာတွင် ကတ်စနစ်ဖြင့် သုံးစွဲနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများရှိထားသော်လည်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ရွေးချယ်ထားဆဲအခြေအနေတွင်သာ ရှိနေဆဲဖြစ်သည်။
'' YBS မှာ ကတ်စနစ်နဲ့စတင်တဲ့အခါ YBS ရဲ့ကတ်တွေအပြင် ဘဏ်တွေက ထုတ်ထားတဲ့ကတ်တွေကိုပါ သုံးလို့ရနိုင်တဲ့စနစ်တစ်ခုကိုလည်း ပြင်ဆင်ပြီးလုပ်နေပါတယ်။ သက်ဆိုင်ရာဘဏ်တွေက ဝန်ဆောင်ခရယူတဲ့အပိုင်းတော့ ရှိလာနိုင်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
သို့သော် ငွေပေးချေမှုကဏ္ဍတစ်ရပ်လုံး အတိုင်းအတာဖြင့် ငွေသားသုံးစွဲမှုလျော့ကျလာရန်မှာမူ ဖြတ်သန်းရမည့် အဆင့်များစွာရှိနေဆဲဖြစ်သည်ဟုလည်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူများက ပြောသည်။ မြန်မာ့လူမှုအသိုင်းအဝိုင်းကြား ငွေသားစက္ကူ ကိုင်ဆောင်သုံးစွဲရခြင်းကိုသာ ယုံကြည်မှုကြီးမားနေဆဲ ဓလေ့ကြောင့်လည်း အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ်ဖွံ့ဖြိုးလာမှုကို နှောင့်နှေးနေစေလျက်ရှိသည်ဟု ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြသည်။
''ပြည်တွင်းမှာဖြစ်နေတာက လက်ထဲမှာ ငွေသားကိုင်ဆောင်ထားရတာကိုသာ ယုံကြတယ်။ နည်းပညာကို သိပ်မယုံဘူး။ အဲဒီဓလေ့ကိုတော့ ပြောင်းလဲပစ်ဖို့လိုတယ်။ တစ်ဖက်မှာကျတော့ နည်းပညာပိုင်းမှာ ဘယ်အချိန်သုံးသုံး အဆင်ပြေတယ်ဆိုတဲ့ ယုံကြည်နိုင်လောက်တဲ့ အနေအထားဖြစ်နေဖို့ လုပ်သွားရမယ်''ဟု မြန်မာ့ရှေ့ဆောင်ဘဏ် ဈေးကွက်ဌာန ဒုတိယဥက္ကဌ ဒေါ်ခင်မမမိုးက ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အီလက်ထရွန်းနစ်ငွေပေးချေမှုစနစ် ထွန်းကားလာရန်မှာ အနည်းဆုံး ငါးနှစ်ခန့်ထပ်မံကြာမြင့်နိုင်သည်ဟု CB Bank ၏ ကတ်ဌာန၊ ဌာနမှူး ဦးဇေယျာအောင်က ပြောသည်။ သို့သော် အစိုးရပိုင်း၏ အားပေးပံ့ပိုးမှုရှိလာပါက ၎င်းကာလထက် ပိုမိုဆောလျင်စွာ ဖွံ့ဖြိုးလာနိုင်သည်ဟု ၎င်းက ပြောသည်။
''အိန္ဒိယမှာ အစိုးရကလုပ်ခဲ့တဲ့ သာဓကတစ်ခုရှိတယ်။ အဲဒါက ရက်တစ်ခုသတ်မှတ်ပြီး ရူပီးငွေ အရွက်ကြီးတွေ အားလုံးကို ဘဏ်ကတ်တွေထဲ ပြောင်းထည့်ရမယ်လို့ လုပ်လိုက်တယ်။ ငွေသားနဲ့သုံးတဲ့အခါမှာ ၁ဝဝ တန်ကိုပဲ သုံးနိုင်တော့တဲ့အတွက် တစ်သောင်းဖိုးဆိုရင်ပဲ ၁ဝဝ တန် အရွက်တစ်ရာနဲ့ ငွေပေးငွေယူလုပ်ရတယ်။ လက်ခံတဲ့သူရော၊ ပေးတဲ့သူရောအတွက် အလုပ်တွေ အရမ်းရှုပ်တော့ မသုံးတော့ဘူး။ ဆိုင်တွေကလည်း ငွေထိန်းသိမ်းရတဲ့ ဝန်ထုပ်က ကြီးတော့ အီလက်ထရွန်းနစ်စနစ်နဲ့ ပေးတာကိုပဲ လက်ခံတဲ့အတွက် မဖြစ်မနေသုံးပြီးသားဖြစ်သွားတယ်''ဟု ဦးဇေယျာအောင်က ပြောသည်။
အစိုးရအဖွဲ့များအနက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA သည် အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ်ကို ပထမဆုံးစတင်လက်ခံလာကာ အောင်မြင်မှုများရရှိနေသည်။
DICA သည် ကုမ္ပဏီများ မှတ်ပုံတင်ခြင်းကို MyCo အမည်ရှိ အွန်လိုင်းစာမျက်နှာမှတစ်ဆင့် လုပ်ဆောင်ကြရန် သြဂုတ် ၁ ရက်က စတင်ပြောင်းလဲခဲ့သည်။ ယခုသြဂုတ် ၂၈ ရက်အထိ တစ်လမပြည့်မီ အချိန်ကာလအတွင်း အွန်လိုင်းစနစ်ကို အသုံးပြု၍ မှတ်ပုံတင်ကြေးပေးသွင်းခြင်းကို အီလက်ထရွန်းနစ် ငွေပေးချေမှုအသုံးပြုခြင်းသည် ကျပ်သိန်း ၁,ဝဝဝ ကျော်အထိ ရှိလာနေသည်ဟု ဦးဇေယျာအောင်က ပြောသည်။
ထို့ပြင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်လည်း လူတစ်ဦးချင်းစီ၏ မှတ်ပုံတင်များကို အီလက်ထရွန်းနစ်အိုင်ဒီစနစ်ဖြင့် ပြောင်းလဲနိုင်ရန် ပြင်ဆင်နေလျက်ရှိသည်။ ပြည်တွင်းအခွန်ဦးစီးဌာနအနေဖြင့်လည်း အခွန်ငွေပေးချေခြင်းကို အီလက်ထရွန်းနစ်စနစ်ဖြင့် ပေးချေနိုင်ရန် ပြောင်းလဲမှုများ ရှိလာနေသည်။
''အီလစ်ထရောနစ်ဘဏ် အိုင်ဒီစနစ်ဖြစ်လာရင် မှတ်ပုံတင်နံပါတ်အပြင် အဲဒီလူရဲ့ ကိုယ်ရေးအချက်အလက် အကျဉ်းပါလာမှာ ဖြစ်တယ်။ အဲဒီတော့ ဘဏ်တွေကလည်း အီလက်ထရွန်းနစ်အိုင်ဒီ ရှိတဲ့သူတွေကို ဘဏ်စာရင်းပါ ပူးတွဲဖွင့်ပေးလိုက်ပြီး ဝန်ဆောင်မှုတွေ အနောက်ကလိုက်ပေးလို့ရသွားမယ်။ အစိုးရကနေ ပြည်သူတွေကို မီးဘေး၊ ရေဘေး၊ သဘာဝဘေးအန္တရာယ်တွေအတွက် ကူညီထောက်ပံ့ပေးတဲ့အခါမှာ ကတ်တွေထဲကို တိုက်ရိုက်ထည့်ပေးတဲ့ စနစ်တွေ လုပ်လို့ရပြီ။ ထောက်ပံ့မှုရတဲ့သူတွေကလည်း ငွေသားမဟုတ်ဘဲ ဒစ်ဂျစ်တယ်ငွေကြေးဖြစ်တဲ့အတွက် နည်းလမ်းမမှန်တဲ့ သုံးစွဲမှုတွေ လုပ်လို့မရတော့ဘူး''ဟု ဦးဇော်လင်းထွဋ်က ပြောသည်။
သို့ရာတွင် နိုင်ငံသားများအားလုံးတွင် ဘဏ်စာရင်းရှိလာရေးသည် ဘဏ်လုပ်ငန်းများအပြင် ဆက်သွယ်ရေး အော်ပရေတာများ၏ ပူးပေါင်းပါဝင်မှုများလည်း လိုအပ်မည်ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။ လက်ရှိတွင် ပြည်တွင်း မိုဘိုင်းဖုန်းသုံးစွဲသူအရေအတွက်သည် အမ်ပီတီ ၂၄ သန်းကျော်၊ အူရီဒူး ကိုးသန်းကျော်၊ တယ်လီနော ၁၉ သန်းကျော်နှင့် MyTel သုံးစွဲသူ သုံးသန်းကျော်အထိ ရှိထားသည်။
၎င်းမိုဘိုင်းဖုန်းသုံးစွဲသူများကို အချက်အလက်များ မှန်ကန်စွာကောက်ယူခြင်းဖြင့် ဘဏ်စာရင်းများဖွင့်လှစ်ပေးနိုင်ပါက ဘဏ်အကောင့်ရှိသူအရေအတွက် များစွာတိုးတက်လာနိုင်သည်ဟု ၎င်းတို့က ပြောသည်။
အောက်ခြေလူတန်းစားများအနေဖြင့် ဘဏ်စာရင်းများ ရှိလာပါက အလုပ်ရှင်များက ၎င်းတို့ဘဏ်စာရင်းသို့ လုပ်ခလစာ ဖြည့်ထည့်ပေးသည့်စနစ်ဖြင့် အီလက်ထရွန်းနစ်ငွေပေးချေမှု ကျယ်ပြန့်လာရန် လုပ်ဆောင်နိုင်မည်ဟု ၎င်းတို့က ပြောသည်။
''လူတွေရဲ့ ဘဏ်စာရင်းထဲကို လုပ်ခလစာတွေ ရောက်သွားပေမဲ့ ဝယ်ယူတာကို လက်ခံပေးမယ့်ဆိုင်ရှိရင်လည်း တစ်ပိုင်းပဲ အောင်မြင်လိမ့်မယ်။ သုံးရမယ့်နေရာမရှိလို့ ပိုက်ဆံပြန်ထုတ်ကြတယ်ဆိုရင်လည်း ဒုံရင်းအနေအထားကိုပဲ ပြန်ရောက်သွားလိမ့်မယ်''ဟု ဦးဇေယျာအောင် က ပြောသည်။
ငွေသားသုံးစွဲမှုလျော့ကျရေးသည် အောက်ခြေလူတန်းစားများအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပါဝင်ရန် လိုအပ်ချက်ဖြစ်ရာ အစိုးရပိုင်းက မူဝါဒတစ်ရပ်ဖြင့် ကြီးကြပ်ပံ့ပိုးမှုလုပ်ဆောင်ရန် လိုအပ်သည်ဟု ဦးဇော်လင်းထွဋ်က ပြောသည်။
''အစိုးရပိုင်းရဲ့ မူဝါဒပိုင်းချမှတ်ပေးမှုက အဓိက အရေးကြီးဆုံး လိုအပ်ချက်အဖြစ်ရှိနေတယ်။ ဆိုင်တစ်ဆိုင်ဖွင့်ဖို့ လိုင်စင်ချပေးကတည်းက ငွေသားရော၊ အီလက်ထရွန်းနစ်ရောကို လက်ခံပေးရမယ်ဆိုတဲ့ စည်းမျဉ်းတွေနဲ့ လိုင်စင်ချပေးခဲ့မယ်ဆိုရင် ခရီးပေါက်တဲ့နှုန်းက အရမ်းမြန်လာမှာပါ''ဟု ပြောသည်။
လက်ရှိတွင် အီလက်ထရွန်းနစ်စနစ် ငွေပေးချေမှုများကို ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်အားလုံး၊ ဗိုလ်ချုပ်ဈေးရှိ ဆိုင် ၉ဝ ရာခိုင်နှုန်း၊ စီးတီးမတ်ဈေးဝယ်စင်တာများနှင့် စားသောက်ဆိုင်အချို့တွင်သာ အဓိကအများဆုံး လက်ခံနေလျက်ရှိသည်။ ခရီးသွားအေဂျင်စီများအနေဖြင့်လည်း ခရီးသွား package တွေကို ဝယ်ယူရာတွင် လက်ခံနေကြသည်။
''လူတွေယုံကြည်မှုကို တည်ဆောက်ရမယ်။ ယုံကြည်လာပြီဆိုရင် လက်ဖက်ရည်သောက်တာ၊ မုန့်ဟင်းခါးစားတာ၊ ဘဲဥကြက်ဥဝယ်တာစတဲ့ ကျပ် ၅ဝဝ၊ ၁,ဝဝဝ ကအစ နည်းပညာစနစ်နဲ့ ငွေပေးငွေယူလုပ်နိုင်တဲ့အဆင့်ကို သွားရမယ်'' ဟု ဦးဇေယျာအောင်က ပြောသည်။
အခြားတစ်ဖက်တွင်မူ ဘဏ်လုပ်ငန်းများအနေဖြင့် အီလက်ထရောနစ်ငွေပေးချေမှုစနစ်ကို ဆောင်ရွက်ရာတွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများနှင့် အခြေခံအဆောက်အအုံပိုင်း အားနည်းဆဲ အခက်အခဲများရှိနေသည်ဟုလည်း ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောသည်။
''မြန်သင့်သလောက် မမြန်ဘူးဆိုတဲ့အပိုင်းမှာ အိုင်တီနည်းပညာကလည်း အရမ်းအရေးကြီးတယ်။ နည်းပညာပိုင်းကို ဖြည့်ဆည်းဖို့က ပိုက်ဆံအကုန်အကျ အရမ်းများတယ်။ ဘဏ်တွေအနေနဲ့ကလည်း ပြည်ပနိုင်ငံတွေလို ပိုက်ဆံအရမ်း မသုံးနိုင်ဘူး။ ဆော့ဖ်ဝဲတွေရဲ့တန်ဖိုးကတင် ဒေါ်လာသန်းချီကုန်တယ်။ တခြားအင်တာနက်လိုင်း မကောင်းတာ၊ မီးမရတဲ့အခါ မီးစက်သုံးရတာဆိုတဲ့အပိုင်းတွေကလည်း ရှိနေသေးတော့ ကိုယ်တွေဆီမှာက ပိုက်ဆံပိုကုန်တယ်။ စိန်ခေါ်မှုတွေ အများကြီးကိုရင်ဆိုင်ပြီး လုပ်နေရတာဖြစ်တဲ့အတွက် ခရီးရောက်မှု နှေးတာတွေတော့ရှိတယ်''ဟု ဦးသန်းလွင်က ပြောသည်။
''အားလုံးရဲ့ အဓိကအချက်ကတော့ မီးရရှိဖို့ဖြစ်တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နယ်တွေမှာပါ မီးရရှိဖို့လိုတယ်။ မီးရှိမယ်၊ အင်တာနက်လိုင်းရှိမယ်၊ ဝန်ဆောင်မှုပေးတဲ့ ဆော့ဖ်ဝဲလ်တွေ အဆင်ပြေနေမှသာ အီလက်ထရွန်းနစ် ငွေပေးငွေချေစနစ်က ပိုပြီးအဆင်ပြေလာမှာပါ''ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောသည်။
အချုပ်အားဖြင့် ငွေသားစက္ကူသုံးစွဲမှု လျော့ကျလာခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ကောင်းမွန်သည့် ရလဒ်များစွာ ထွက်ပေါ်လာသည့်အပြင် စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူဖြစ်လာနိုင်မည်ဖြစ်သည်။ သို့ရာတွင် နိုင်ငံသားများ၏ ယုံကြည်မှု၊ အစိုးရပိုင်းမှ အင်တိုက်အားတိုက် ပံ့ပိုးမှုနှင့် လျှပ်စစ်မီး၊ အင်တာနက် ရရှိကောင်းမွန်ရေးကဲ့သို့ အခြေခံအဆောက်အအုံများသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရှိလာရန် လိုအပ်နေဆဲ ဖြစ်သည်။
Source: myanmar times