ရာသီပေါ် သီးနှံများကို ကာလသတ်မှတ်၍ နယ်စပ်ဒေသများမှ တင်သွင်းခွင့်ပြု


20 May, 2019

ရာသီပေါ် သီးနှံများကို ကာလသတ်မှတ်၍ နယ်စပ်ဒေသများမှ တင်သွင်းခွင့်ပြုမှာဖြစ်ပြီး ယင်းသို့ ခွင့်ပြုပေးရာတွင် ပြည်တွင်း စိုက်ပျိုးထွက်ရှိမှုအပေါ် မူတည်၍ ပြောင်းလဲ သတ်မှတ်သွားမှာဖြစ်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနမှ သိရပါတယ်။

အဆိုပါ ရာသီပေါ်သီးနှံများ ပြည်ပမှ တင်သွင်းခြင်းအတွက် သတ်မှတ် လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပြီး သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်တဲ့ သီးနှံများ တင်သွင်းမှုနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဌာနရဲ့ တင်သွင်းခွင့် ထောက်ခံချက် လက်မှတ်နဲ့အတူ သွင်းကုန်လိုင်စင် လျှောက်ထားရမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ သီးနှံများနဲ့ ပတ်သက်ပြီး နယ်စပ်ဒေသများမှ တင်သွင်းခွင့်မပြုတဲ့ ပစ္စည်း ( ၁၅ ) မျိုးနဲ့ ပင်လယ်ရေကြောင်းမှ တင်သွင်းခွင့်မပြုတဲ့ ပစ္စည်း ( ၁၄ ) မျိုးတို့ကို ကုန်သွယ်ရေးဦးစီးဌာနက သတ်မှတ် ထုတ်ပြန်ထားခဲ့ပေမယ့်လည်း ပြည်တွင်းစားသုံးမှု လိုအပ်ချက်အရဟုဆိုကာ ယခု ၂၀၁၉ ခုနှစ်၊ ဧပြီ ၂၉ ရက်က အချို့သော ရာသီကာလအတွင်း ပြည်တွင်း၌ ထွက်ရှိမှုမရှိသည့် သီးနှံများကို နယ်စပ်ဒေသများမှ တစ်ဆင့် တင်သွင်းခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူက ပြောပါတယ်။

 "ဟင်းသီးဟင်းရွက်အစိမ်းကအစ နိုင်ငံခြားက ဝင်တယ်။ ပြီးတော့ တန်ဖိုးမြင့်တွေကျလည်း ဝင်တယ်ဆိုတော့ ပြည်တွင်းက လူတွေလုပ်ကိုင်ဖို့က နည်းနည်းတော့ ခက်လာတဲ့ သဘောပေါ့။ ပြည်တွင်းက ထွက်နေတဲ့ သီးနှံတွေဆိုရင် ရာသီအလိုက် ပေးမသွင်းတဲ့ နည်းလမ်းတွေကတော့ ကောင်းပါတယ်။ တချို့ဟာတွေလည်း တခြားတိုင်းပြည်က သူတို့ဆီကလည်း မထွက်ဘဲနဲ့ သူတို့ဟာပါ ဆိုတာမျိုးဆိုရင်တော့ ပေးမသွင်းဖို့ လိုတယ်" လို့ ဦးကျော်သူက ပြောပါတယ်။

လက်ရှိတွင် သီးနှံအမျိုးပေါင်း ၂၀ ကို ခွင့်ပြုခဲ့ရာ ပန်းသီး၊ သစ်တော်သီး၊ စပျစ်သီး၊ ချယ်ရီသီး၊ မန်းကျည်းချိုသီး၊ စွန်ပလွံသီးတို့ကို နယ်စပ်စခန်းအားလုံးမှ ရာသီမရွေး တင်သွင်းခွင့်ပြုခဲ့ပါတယ်။

ပျားလိမ္မော်သီးကို မတ်လမှ စက်တင်ဘာလ အထိ၊ ဒူးရင်းသီးကို စက်တင်ဘာလမှ ဧပြီလ အထိ၊ တည်သီး၊ သလဲသီးကို ရာသီမရွေး၊ နဂါးမောက်သီးကို ဒီဇင်ဘာလမှ မေလအထိ၊ ဆန်းကစ်သီးကို ဖေဖော်ဝါရီလမှ စက်တင်ဘာလအထိ၊ ခြင်းလိမ္မော်သီး (လိမ္မော်သီးအသေး)ကို တစ်နှစ်ပတ်လုံး၊ လောင်ဂန်သီးနှင့် ရေငန်သီးများကို တစ်နှစ်ပတ်လုံး၊ မင်းကွတ်သီးကို ဇန်နဝါရီလမှ မတ်လအထိ၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိနှင့် ပိန္နဲသီးကို ဇန်နဝါရီလမှ ဖေဖော်ဝါရီလထိ နယ်စပ်စခန်းအားလုံးမှ တင်သွင်းခွင့်ပြုခဲ့ကြောင်း ၎င်းက ပြောပါတယ်။

ဒါ့ပြင် ကြက်မောက်သီးကို တာချီလိတ်စခန်းမှ တစ်နှစ်ပတ်လုံး၊ စက်တင်ဘာလမှ မတ်လကုန်အထိ မြဝတီစခန်းမှ လည်းကောင်း၊ မင်းကွတ်သီးကို တာချီလိတ်စခန်းမှ ရာသီမရွေး၊ သံပရိုသီးကို တာချီလိတ်စခန်းမှ တစ်နှစ်ပတ်လုံး၊ ဒီဇင်ဘာ၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ကျန်စခန်းများမှ လည်းကောင်း၊ သရက်သီးကို တာချီလိတ်စခန်းမှ တစ်နှစ်ပတ်လုံး၊ အောက်တိုဘာလမှ ဧပြီလအထိ ကျန်စခန်းများမှ လည်းကောင်း အသီးသီး ဖြေလျှော့၍ တင်သွင်းခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

၎င်းသီးနှံများ ပြည်ပမှ တင်သွင်းခြင်းအတွက် သတ်မှတ် လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပြီး၊ သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်တဲ့ သီးနှံများ တင်သွင်းမှုနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဌာန၏ တင်သွင်းခွင့် ထောက်ခံချက် လက်မှတ်နဲ့အတူ သွင်းကုန်လိုင်စင် လျှောက်ထားရမှာဖြစ်ကြောင်း သိရပါတယ်။

 Ministry of Commerce 

Export, Import Read 461 times