Toshiba တရုတ်နိုင်ငံမှ ထွက်ခွာမည်


11 September, 2021

 

ဂျပန် အီလက်ထရွန်းနစ် မဟာလုပ်ငန်းကြီး Toshiba က နှစ်ပေါင်း ၃၀ တရုတ်နိုင်ငံမှာ လုပ်ကိုင်ခဲ့ပြီး ယခု တရုပ်နိုင်ငံမှ ထွက်ခွာမယ်လို့ မကြာသေးခင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဂျပန် အီလက်ထရွန်နစ် လုပ်ငန်းကြီးတွေ  Toshiba အစ OKI အဆုံး တရုတ်ပြည်မှ ထွက်ခွာ နေကြတယ်။

Oki Electric Industry Company က ၎င်းရဲ့ ထုတ်လုပ်မှုတွေကို ထိုင်းနိုင်ငံသို့ အပြီးအပိုင် ရွှေ့ပြောင်းဖို့ လုပ်ဆောင်လျက် ရှိပါတယ်။
Toshiba က ယခု စက်တင်ဘာလကုန်မှာ တရုတ်နိုင်ငံ ဒါလျှံမြို့မှာ တည်ရှိတဲ့ ၎င်းရဲ့ စက်ရုံကို ပိတ်သိမ်းတော့မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထုခွဲရောင်းချတာကို အောက်တိုဘာလမှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ 
စိတ်ဝင်စားစရာ ကောင်းတဲ့ တိုက်ဆိုင်မှု တစ်ခုက ဒါလျှံမြို့မှာ Toshiba လာရောက်လုပ်ကိုင်အောင် ဖိတ်ခေါ် စည်းရုံးခဲ့သူ ဒါလျှံတွဲဘက်မြို့တော်ဝန် Bo Xilai က နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး အကျင့်ပျက်ခြစားတဲ့အမှုနဲ့ တစ်သက်တစ်ကျွန်း ‌ေထာင်ဒဏ် ကျခံနေတယ်။
Toshiba Corporation က  ဒါလျှံအခြေပြု လုပ်ကိုင်ဖို့ ခက်ခဲနေလို့ အခုလို တရုတ်ပြည်မှ ထွက်ခွာရတယ်လို့ ဆိုပါတယ်။ စက်ရုံပိတ်သိမ်းတဲ့အတွက် လုပ်သားအင်အားစု ၆၅၀ ဦးခန့် အလုပ်အကိုင် ဆုံးရှုံးမယ်လို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 
တရုတ်နိုင်ငံမှာ Toshiba က မော်တာတွေ၊ အသံလွှင့်စက်တွေ ထုတ်လုပ်မှု ရပ်ဆိုင်းမှာဖြစ်ပြီး အစားထိုး ထုတ်လုပ်စရာ ထုတ်ကုန်အသစ်တွေအတွက် အစီအစဉ် မရှိတာကြောင့် အခုလို စက်ရုံပိတ်သိမ်းပြီး ထုခွဲရောင်းချရတာ ဖြစ်တယ်လိူ့ Toshiba က ဆိုပါတယ်။

Oki Electric Industry Company က တရုတ်နိုင်ငံမှာ OKI Electric Industry (Shenzhen) Co. အမည်ဖြင့် လုပ်ကိုင်လျက်ရှိတာကို ရပ်ဆိုင်းပြီး ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ လုပ်ကိုင်မယ်။ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ထုတ်ကုန်တွေကို စူးစိုက်လုပ်ကိုင်မှာ ဖြစ်ပြီး စက္ကူမသုံးတော့ဘဲ အီလက်ထရွန်းနစ် စာရွက်စာတမ်း သုံးလာကြတဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ လုပ်ကိုင်နေတဲ့ စက်ရုံက စက္ကူသုံးစွဲရတဲ့ ပရင့်တာprinter စက်တွေ ထုတ်လုပ်နေတာဖြစ်လို့ ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အယုဒ္ဓယမှာ တည်ရှိတဲ့ စက်ရုံကိုပဲ ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။
OKI အနေဖြင့် တရုတ်နိုင်ငံမှာ အရင်ကလည်း စက်ရုံပိတ်သိမ်းခဲ့ဖူးပါတယ်။ 
၂၀၂၀ ဒီဇင်ဘာလမှာ ATM (automatic teller machines) စက် ထုတ်လုပ်မှုနဲ့ တရုတ်ပြည်တွင်းဈေးကွက်မှ အရောင်းလုပ်ငန်းတို့ကို ပိတ်သိမ်းခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ငွေစက္ကူ သုံးစွဲမှုအစား အီလက်ထရွန်းနစ်နည်းလမ်းဖြင့် ငွေအပေးအယူ လုပ်ကိုင်ကြတာ ပိုများလာလို့ အေတီအမ်လုပ်ငန်း တစ်ခုလုံး ပိတ်သိမ်း လိုက်တာ ဖြစ်ပါတယ်။ ATM စက်တွေ ထုတ်လုပ်မှုကို ဂျပန်နိုင်ငံသို့ ရွှေ့ပြောင်းလိုက်ပြီး ဂျပန်ပြည်တွင်းဈေးကွက် အတွက် ထုတ်လုပ်တယ်။ ကမ္ဘာ့ဈေးကွက်အတွက် ATM စက်တွေ ထုတ်လုပ်မှုကို ဗီယက်နမ်နိုင်ငံမှာ လုပ်ကိုင်ခဲ့ပါတယ်။
 
၂၀၂၀ ခုနှစ်မှာ ဂျပန်အစိုးရက တရုတ်နိုင်ငံကို စွန့်ခွာပြီး ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်မယ့် ဂျပန်ကုမ္ပဏီတွေကို အထောက်အပံ့ပေးဖို့ အမေရိကန်ဒေါ်လာ ၂ ဘီလျံ လျာထားကြောင်း ကြေညာခဲ့ပါတယ်။
အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကိုတော့ တရုတ်နိင်ငံရှိ ထုတ်လုပ်မှုများကို အာဆီယံနိုင်ငံများသို့ ပြောင်းရွှေ့တဲ့ ကုမ္ပဏီတွေအတွက် သီးြခားဖယ်ပေးထားပါတယ်။ နောက်တော့ အာဆီယံအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပါ ထည့်သွင်းပေးခဲ့ပါတယ်။
နောက်ဆက်တွဲရလဒ်အဖြစ် ဂျပန်ကုမ္ပဏီ ၈၇ ခု တရုတ်နိုင်ငံကို စွန့်ခွာခဲ့ကြပါတယ်။ ၅၇ ခုက ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ကြတယ်။ ကျန်တဲ့ ၃၀ ခုက ဗီယက်နမ်၊ မြန်မာ၊ ထိုင်း စသဖြင့်  အာဆီယံသို့ ရွှေ့ပြောင်းခဲ့ကြပါတယ်။
တရုတ်နိုင်ငံမှာ ကျန်နေသေးတဲ့ ဂျပန်လုပ်ငန်းတွေထဲမှာ တိုရှီဘာလိုမျိုး တရုတ်ပြည်ကို စွန့်ခွာမယ့် ကုမ္ပဏီတွေ ရှိနေပါသေးတယ်။

တရုတ်ပြည် စွန့်ခွာရေး အစီအစဉ်ကို ဝန်ကြီးချုပ် ရှင်ဇိုအဘေး လက်ထက်မှာ စတင်ခဲ့ပြီး သူ့နေရာကို ဆက်ခံတဲ့ သူ့ညာလက်ရုံး ဝန်ကြီးချုပ် ယိုရှိဟိဒဲ ဆုဂ လက်ထက်မှာလည်း ဂျပန်ကုမ္ပဏီတွေကို တရုတ်ပြည်မှ ထွက်ခွာဖို့ ဆက်လက်တိုက်တွန်း အားပေးခဲ့ပါတယ်။
အခု ဂျပန်ဝန်ကြီးချုပ် အသစ်တက်ပြီးတဲ့နောက်မှာလည်း တရုတ်ပြည် စွန့်ခွာရေးမူကို ဆက်လက်ကျင့်သုံးမှာ ဖြစ်ပါတယ်။

 

Global News Read 4770 times