TotalEnergies နှင့်  Chevron Corp တို့ထွက်ခွာ၊ PTTE စဉ်းစားသုံးသပ်ဆဲ


23 January, 2022

TotalEnergies နှင့်  Chevron Corp တို့ထွက်ခွာ၊ PTTE စဉ်းစားသုံးသပ်ဆဲ

ကပ္ပလီပင်လယ်မှ ရတနာဓာတ်ငွေ့သိုက် လုပ်ကွက်မှာ ဖက်စပ်လုပ်ကိုင်နေတဲ့ ရေနံဓာတ်ငွေ့ လုပ်ငန်းကြီးများ ဖြစ်ကြတဲ့ ပြင်သစ်မှ TotalEnergies နှင့် အမေရိကန်မှ Chevron Corp တို့က မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ကြောင်း ၂၀၂၁ ဇန်နဝါရီလ ၂၁ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

TotalEnergies ဦးဆောင်တဲ့ ဖက်စပ်လုပ်ငန်းမှာ 
Total (၃၁.၂၄%), Chevron (၂၈.၂၆%), 
ထိုင်းမှ PTTEP (၂၅.၅%) နှင့် 
နိုင်ငံပိုင်လုပ်ငန်း MOGE (၁၅%) တို့ ပါဝင်ပါတယ်။

ဖက်စပ်လုပ်ငန်းမှာ ကျန်နေတဲ့ ထိုင်းမှ  PTT Exploration and Production Plc(PTTE) က  မြန်မာနိုင်ငံမှ ၎င်းရဲ့ ဦးတည်ချက်ကို သေသေချာချာ စဉ်းစားသုံးသပ်နေပါတယ်လို့ PTTE ရဲ့ မိခင်ကုမ္ပဏီ PTT Plc ရဲ့ အမှုဆောင်အရာရှိချုပ် Montri Rawanchaikul က ပြောကြားပါတယ်။

PTTEP သည် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံစလုံး စွမ်းအင်ဖူလုံရေးကို အရေးအကြီးဆုံးအဖြစ် အလေးထားကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။


 TotalEnergies က ဦးဆောင်ပြီး  Chevron, PTTEP တို့ ပါဝင်တဲ့ ဖက်စပ်လုပ်ငန်း MGTC (Moattama Gas Transportation Company Limited) ပို့ဆောင်ရေးစနစ်က ရတနာလုပ်ကွက်မှ ထုတ်လုပ်တဲ့  သဘာဝဓာတ်ငွေ့ကို မြန်မာပြည်တွင်း သုံးစွဲရန်နှင့် ထိုင်းတွင် သုံးစွဲရန် ထိုင်းနယ်ခြားသို့ ဓာတ်ငွေ့ပိုက်လိုင်းများဖြင့် ပေးပို့ပါတယ်။ 

 TotalEnergies က ထွက်ခွာတဲ့အတွက် ဘဏ္ဍာရေး ထိခိုက်မှုကို ကိန်းဂဏန်း ပမာဏဖြင့် ပြောကြားခြင်း မပြုသော်လည်း မြန်မာနိုင်ငံမှ ရတဲ့ဝင်ငွေက ကုမ္ပဏီဝင်ငွေရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းသာဖြစ်ကြောင်း ပြောကြားပါတယ်။
  ငွေကြေးအရ ၂၀၂၁ မှာ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဒ့ ပမာဏက အမေရိကန်ဒေါ်လာ ၁၀၅ သန်း ရှိပြီး ကုမ္ပဏီဝင်ငွေရဲ့ ၁% အောက်မှာသာ ရှိကြောင်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရသူက ပြောကြားပါတယ်။

ထုတ်လုပ်မှုပမာဏအရ ၂၀၂၁ မှာ TotalEnergies  ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၀.၆% သာ ရှိပါတယ်။ 

TotalEnergies ထွက်ခွာခြင်း လုပ်ငန်းစဉ်က တစ်ဖက်သတ်ဖြစ်ပြီး မြန်မာအာဏာပိုင်များရဲ့ ခွင့်ပြု အတည်ပြုချက် မလိုအပ်ကြောင်း Reuters သို့ ပြောကြားခဲ့ပါတယ်။ ငွေကြေးနစ်နာမှုကို ရယူမှာ မဟုတ်ဘဲ လျစ်လျူပြုထားပါတယ်။

TotalEnergies က မြန်မာအစိုးရကို ၂၀၁၉ မှာ အမေရိကန်ဒေါ်လာ သန်း ၂၃၀ ဝန်းကျင် ပေးသွင်းခဲ့ပါတယ်။ ၂၀၂၀ မှာ နောက်ထပ် အမေရိကန်ဒေါ်လာ ၁၇၆ သန်း ပေးသွင်းခဲ့ပါတယ်။ အခွန်များနှင့် ထုတ်လုပ်‌ေရး လုပ်ကိုင်ခွင့်များအတွက် ပေးသွင်းခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ဧပြီလမှ စ၍ အစုရှယ်ယာဝင်များကို ငွေသားခွဲဝေပေးခြင်း ဆိုင်းငံ့ကြောင်း ၂၀၂၁ မေလ ၁၂ ရက်မှာ ကြေညာခဲ့ပါတယ်။

Chevron ပြောရေးဆိုခွင့်ရသူက မြန်မာနိုင်ငံမှ စနစ်တကျ လွှဲပြောင်းထွက်ခွာနိုင်ရေးကို စဉ်းစား သုံးသပ်ကြောင်း၊ မြန်မာနှင့် ထိုင်းတို့မှာ လူအများအတွက် အလွန်လိုအပ်နေသော ဓာတ်ငွေ့ပေးသွင်းရေး လုပ်ငန်းလည်ပတ်မှု ဘေးကင်းရေး၊ ဝန်ထမ်းများ ဘေးကင်းရေးနှင့် အဆင်ပြေရေးတို့ကို ချက်ချင်းဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း ပြောကြားပါတယ်။ Chevron က အော်ပရေတာ မဟုတ်တဲ့ အစုရှယ်ယာဝင် ဖြစ်ပြီး ရှယ်ယာအနည်းစု ပါဝင်တဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။

TotalEnergies က ရတနာဓာတ်ငွေ့သိုက် လုပ်ကွက် M5 နှင့်  M6 တို့မှာ ၁၉၉၂ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။

ထုတ်လုပ်တဲ့ ဓာတ်ငွေ့များကို ထိုင်းနိုင်ငံရှိ ဓာတ်အားစက်ရုံများထံ ပေးပို့ပါတယ်။ မြန်မာ ပြည်တွင်းသုံးစွဲရန် နိုင်ငံပိုင်စွမ်းအင်လုပ်ငန်း Myanma Oil and Gas Enterprise (MOGE) က ကမ်းလွန် ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းပြီး ရယူပါတယ်။

ရတနာဓာတ်ငွေ့သိုက်မှ  သဘာဝဓာတ်ငွေ့ တစ်နှစ်လျှင် ကုဗမီတာ ၆ ဘီလျံ ထုတ်လုပ်ပြီး ၃၀% ဝန်းကျင်ကို MOGE က ရယူပြီး ကျန်တဒ့ ၇၀% ဝန်းကျင်ကို ထိုင်းနိုင်ငံသို့ တင်ပို့ပြီး PTT က ဝယ်ယူပါတယ်။

Investment/Divestment Read 774 times