ခရီးသွားဝင်ရောက်မှု ယမန်နှစ်ထက်လျေ့ာကျလာ


11 June, 2018

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း မြန်မာနိုင်ငံသို့ခရီးသွားဝင်ရောက်မှုမှာ ၁ ဒသမ ၂၂ သန်းရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ခရီးသွားဝင်ရောက်မှုနှုန်း ၂၀၀၀၀ ကျော်လျေ့ာကျခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရပါသည်။

လက်ရှိခရီးသွားလာရေးလုပ်ငန်း၏ ကျန်းမာရေးမှာ အားယူနေရသောအချိန်၊ နှေးကွေးသောအချိန်ဖြစ်၍ ယခုကဲ့သို့သောအချိန်တွင် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများပူးပေါင်း၍ လုပ်ငန်းတွေကို ပီပြင်စွာလုပ်ဆောင်ဖို့လိုအပ်ကြောင်း၊ စီးပွားရေးအခက်အခဲများကို အမြန်ဆုံးဖြေရှင်းပေးနိုင်သည်မှာလည်း ခရီးသွားလုပ်ငန်းဖြစ်သောကြောင့် ပီပီပြင်ပြင်ဖြစ်အောင် ဖွဲ့စည်းဆောင်ရွက်ပေးဖို့လိုအပ်ကြောင်း မြန်မာနိုင်ငံခရီးသွားလာရေးလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးကပြောခဲ့ပါသည်။

၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုမှာ ၃ ဒသမ ၄ သန်းရှိပြီး ဇန်နဝါရီလမှ ဧပြီလအထိ ၁ ဒသမ ၂၄ သန်းရှိကြောင်း သိရပါသည်။

ခရီးသွားလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများတိုးတက်မှုရှိသော်လည်း ခရီးသွားဝင်ရောက်မှုမြင့်တက်ခြင်းမရှိသဖြင့် ပြန်လည်သုံးသပ်ရန်လိုကြောင်း၊ ဈေးကွက်တိုးမြှင့်ရန် နိုင်ငံတော်ဘက်ဂျက်ဖြင့် လုံလောက်မှုမရှိကြောင်း၊ အခွန်အခဆွေးနွေးရန်လိုအပ်ကြောင်း၊ ခရီးသွားကဏ္ဍသည် မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒတွင် ယခင်ခေတ်ကာလတွင် ပါဝင်ခဲ့သော်လည်း ယခုအချိန်တွင် ဦးစားပေးကဏ္ဍတွင် ပါဝင်ခြင်းမရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင်လည်း အခြားကဏ္ဍများ၏နောက်တွင်ရှိနေကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။

အချိန်တိုအတွင်းမှာ နိုင်ငံခြားဝင်ငွေဖော်ဆောင်နိုင်အောင် ခရီးသွားကဏ္ဍကိုအားပေးဖို့လိုအပ်ကြောင်း၊ ထိရောက်စွာထောက်ပံ့ပေးဖို့လည်းလိုကြောင်း၊ ခရီးသွားလုပ်ငန်းများအတွက် နိုင်ငံရဲ့ပုံရိပ်တွေ ပြန်လည်မြှင့်တင်ဖို့လိုအပ်ကြောင်း၊ နယ်စပ်တွေမှာလည်း တစ်ချိန်ကလွတ်လပ်စွာသွားနိုင်သော်လည်း အခုအချိန်မှာ အကန့်အသက်တွေရှိနေကြောင်း၊ ခရီးသွားလုပ်ငန်းသည် အရေးကြီးကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

ရခိုင်ဖြစ်စဉ်ကြောင့် ပြည်ပခရီးသွားဝင်ရောက်မှုကျဆင်းခဲ့ပြီး အထူးသဖြင့် ဥရောပနိုင်ငံများမှ ခရီးသွားဦးရေကျဆင်းသွားခဲ့သော်လည်း အာရှနိုင်ငံများမှ ခရီးသွားဦးရေမှာ ကျဆင်းမှုမရှိဘဲ ပုံမှန်အတိုင်းသာ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရပါသည်။

 Daily Eleven

Local News Read 506 times