ခြောက်လအတွင်း ကန်ဒေါ်လာ ၁၈ ဘီလျံကျော်ရှိခဲ့သည့် ကုန်သွယ်မှုပမာဏ


19 October, 2018

၂ဝ၁၈ (ဧပြီမှ စက်တင်ဘာ) ကြားကာလဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော်ရှိခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အချက်အလက်များတွင် ဖော်ပြထားသည်။

ထိုပမာဏသည် ယခင်ဘဏ္ဍာနှစ် ကာလတူ ခြောက်လတာ ကုန်သွယ်မှုပမာဏထက် အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလျံကျော်ဖြစ်ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၈ ဘီလျံကျော် ဖြစ်သည်။ ထို့အတွက် ကုန်သွယ်မှုလိုငွေအဖြစ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံရှိခဲ့သည်။ ကုန်သွယ်မှုလိုငွေသည် ပြီးခဲ့သည့်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ လျော့ကျခဲ့သည်။

ကုန်သွယ်မှုကိုကြည့်လျှင် ပို့ကုန်ကဏ္ဍတွင် စက်မှုကုန်ချောပစ္စည်းအုပ်စုသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ဘီလျံကျော်ဖြင့် အများဆုံးရရှိခဲ့ပြီး တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စုများသည် ကာလတူထက် ပို့ကုန်ဝင်ငွေ ပိုမိုရရှိခဲ့သည်။ လယ်ယာထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် အခြားပစ္စည်းများသည် ကာလတူထက် ပို့ကုန်ဝင်ငွေလျော့နည်းခဲ့သည်။

စက်မှုကုန်ချောပစ္စည်းအုပ်စုတွင် ပါဝင်သော CMP လက်ခစားစနစ်ဖြင့် အထည်ချုပ်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်ဖြင့် အများဆုံး ပို့ကုန်ဖြစ်ခဲ့ပြီး ၎င်းနောက်တွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံဖြင့် ဒုတိယအများဆုံးပို့ကုန် ဖြစ်ခဲ့သည်။ တိရိစ္ဆာန်ထွက်ပစ္စည်းအုပ်စုတွင် ပါဝင်သော ကျွဲ၊ နွားတင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်း ၁၆ဝ ကျော်ရရှိခဲ့သည်။

သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများသည် ကာလတူထက် ပိုမိုတင်သွင်းမှုရှိခဲ့သည်။

''ကုန်သွယ်မှုလိုငွေ ဘာလို့ရှိနေလဲဆိုတော့ နိုင်ငံဟာ တည်ဆောက်နေဆဲကာလဖြစ်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်တဲ့ ကုန်စည်ပစ္စည်း ဝင်လာတယ်၊ ရည်ရွယ်ချက်ကတော့ ပို့ကုန် ပိုမိုတင်ဖို့ပဲ၊ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုပစ္စည်းတွေ ပိုဝင်လာမယ်ဆိုရင် လိုငွေက ရှိနေဦးမှာပဲ'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်တွင်းလုပ်ငန်းများအတွက်ရည်ရွယ်၍ ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်း၊ အသုံးအဆောင်ပစ္စည်းများကို တင်ပို့/တင်သွင်း ခွင့်ပြုခြင်း၊ လက်လီ/လက်ကားရောင်းချမှုလုပ်ငန်းတွင် နိုင်ငံခြားသားများအား ရာနှုန်းပြည့်ခွင့်ပြုခြင်းတို့ကို ၂ဝ၁၈ အတွင်း ခွင့်ပြုခဲ့သည်။

 

Export, Import Read 2927 times