မြန်မာနိုင်ငံမှာ ပို့ကုန်တန်ဖိုး မြင့်တက်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပိုမိုဝင်ရောက်လာစေဖို့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကို နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC)၊ UK Aid တို့နဲ့ မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်ဖို့ မတ်လ ၄ ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။
ကန်ဒေါ်လာငါးသန်းတန်ဖိုးရှိတဲ့ အဆိုပါစီမံကိန်းဟာ ၂၀၁၅ မှာ စတင်ဆောင်ရွက်ခဲ့တဲ့ ပို့ကုန်တိုးမြှင့်မူဝါဒများကို အဓိက ဆက်လက်ပံ့ပိုးပေးမှာဖြစ်ပါတယ်။
‘‘ မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုရရှိဖို့နဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရာမှာ ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်တဲ့အထိ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်’’လို့ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန အမှုဆောင်ဒါရိုက်တာ မစ္စစ်Arancha Gonzalez က ပြောပါတယ်။
အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်ခဲ့တာ ငါးနှစ်ပြည့်မြောက်တော့မှာဖြစ်ပြီး ပို့ကုန်ကဏ္ဍတိုးတက်လာစေဖို့ ငါးနှစ်ထဲနဲ့ မလုံလောက်ကြောင်း၊ အထူးသဖြင့် အခြေခံအဆောက်အအုံလိုအပ်တဲ့ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှု အားနည်းသေးတဲ့ မြန်မာနိုင်ငံမှာ ရေရှည်စီမံကိန်းအဖြစ် ဆက်လက်အကောင်အထည်ဖော်ဖို့ လိုအပ်နေသေးပါတယ်။
အခုစီမံကိန်းကိုတော့ ၂၀၂၀-၂၅ အထိ လုပ်ဆောင်မှာဖြစ်ပြီး ဒီစီမံကိန်းအရ မြန်မာနိုင်ငံမှာ တန်ဖိုးမြှင့်ထုတ်ကုန်နဲ့ စွမ်းရည်မြင့် ကုန်ထုတ်လုပ်ငန်းတွေအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာစေဖို့ စီစဉ်ထားပါတယ်။
အမျိုးသားပို့ကုန်မဟာဗျူဟာမှာ ဆန်၊ ပဲနဲ့ ဆီထွက်သီးနှံ၊ ရေထွက်ကုန်၊ သစ်တောထွက်ကုန်၊ ရော်ဘာနဲ့ အထည်ချုပ်လုပ်ငန်းတွေကို ပို့ကုန်မြှင့်တင်ဖို့ စီစဉ်ထားပြီး ပို့ကုန်ဝန်ဆောင်မှုကဏ္ဍ အနေဖြင့် ခရီးသွားလုပ်ငန်းကို ထည့်သွင်းထားတယ်လို့ မြန်မာနိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောပါတယ်။
အဆိုပါစီမံကိန်းဟာ ကျေးလက်ဖွံ့ဖြိုးရေးကို ဦးတည်ထားပြီး အောင်မြင်မှုများရှိတဲ့အတွက် နောက်ထပ်ငါးနှစ် ထပ်မံဆောင်ရွက်ခြင်းဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းအတွက် တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်မှာ ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး လယ်ယာထွက်ကုန်အတွက်ကတော့ ဆီထွက်သီးနှံ၊ထောပတ်သီးစတဲ့ လုပ်ငန်းတွေကို ဦးစားပေးသွားမယ်လို့ ဝန်ကြီးကပြောပါတယ်။
7day daily
Myanmar Industry Directory