၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်လကျော်အလိုတွင် ကုန်သွယ်မှုလိုငွေ သုံးဘီလျံကျော်ရှိနေ


15 February, 2018

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်လကျော်အလိုတွင် ကုန်သွယ်မှုလိုငွေ သုံးဘီလျံကျော် ရှိနေကြောင်း သိရပါသည်။

၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာတစ်ဘီလျံသာ ရှိမည်ဟု လျာထားသော်လည်း ဘဏ္ဍာနှစ်ကုန်ဆုံးရန် တစ်လကျော် အလိုတွင်မူ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာသုံးဘီလျံကျော်အထိ ရှိနေကြောင်း သိရပါသည်။

၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၂၇၅၇၂ ဒသမ ၉၄၂ သန်းရှိပြီး ယခင် ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၄၂၃၁ ဒသမ ၁၂၇ သန်း ပိုမိုခဲ့ကြောင်း သိရပါသည်။

လက်ရှိဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂ ရက်အထိ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၇ ဘီလျံကျော်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၀၆၀၈ ဒသမ ၂၈၄ သန်းနှင့် နယ်စပ်ကုန်သွယ်မှု ပမာဏဒေါ်လာ ၆၉၆၄ ဒသမ၆၅၈ သန်း ပါဝင်ကြောင်း သိရပါသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၃၆၄၂ ဒသမ ၉၁၉ သန်း ပိုမိုခဲ့ပြီး နယ်စပ်ကုန်သွယ်မှုပမာဏတွင်မူ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၅၈၈ ဒသမ ၂၀၈ သန်းပိုမိုခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရပါသည်။

လက်ရှိဘဏ္ဍာနှစ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၇ ဘီလျံကျော်တွင် ပို့ကုန်တန်ဖိုးဒေါ်လာ ၁၂၀၆၂ ဒသမ ၅၃၂ သန်း၊ သွင်းကုန်တန်ဖိုး ဒေါ်လာ ၁၅၅၁၀ ဒသမ ၄၁၀ သန်း ပါဝင်ကြောင်း သိရပါသည်။

သွင်းကုန်တန်ဖိုးမှာ ပို့ကုန်တန်ဖိုးထက်များပြားနေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၃၄၄၇ ဒသမ ၈၇၈ သန်း ဖြစ်ပေါ်နေကြောင်း သိရပါသည်။

ယခင် ဘဏ္ဍာနှစ်ကာလတူတွင်မူ ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၃၆၇၇ ဒသမ ၀၅၁ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၉ ဘီလျံနှင့် ကုန်သွယ်မှု လိုငွေ ဒေါ်လာ တစ်ဘီလျံရှိမည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေ အဆိုပြုတင်ပြချက် အနှစ်ချုပ်တွင် ဖော်ပြထားချက်အရ သိရပါသည်။

အဆိုပါ ဘဏ္ဍာနှစ်တွင် ပြည်ပ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၄၀၀၀ သန်းနှင့် သွင်းကုန်တန်ဖိုးဒေါ်လာ ၁၅၀၀၀ သန်း ဟု ခန့်မှန်းထားသဖြင့် ကုန်သွယ်မှု လိုငွေမှာ ဒေါ်လာသန်း ၁၀၀၀ (တစ်ဘီလျံ) ဖြစ်မည်ဟု ခန့်မှန်းထားပါသည်။

ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် ကုန်သွယ်မှုစာရင်းများအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၉၁ ဒသမ ၉ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၅၅၅ ဒသမ ၅ သန်းရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေမှာ ဒေါ်လာ ၄၉၁၂ ဒသမ ၅၅၉ သန်းရှိခဲ့ကြောင်း သိရပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကုန်သွယ်မှုဆိုင်ရာနှိုင်းယှဉ်ချက် (ဒေါ်လာ၊ သန်း)

စဉ်     ကဏ္ဍ      ၂၀၁၇-၂၀၁၈ (ဖေဖော်ဝါရီ ၂ရက်အထိ)      ၂၀၁၆-၂၀၁၇ (ဖေဖော်ဝါရီ ၂ရက် အထိ)
၁။ ပို့ကုန် ၁၂၀၆၂ ဒသမ ၅၃၂ ၉၈၃၂ ဒသမ ၃၈၂
၂။ သွင်းကုန် ၁၅၅၁၀ ဒသမ ၄၁၀ ၁၃၅၀၉ ဒသမ ၄၃၃
၃။ ကုန်သွယ်မှုပမာဏ ၂၇၅၇၂ ဒသမ ၉၄၂ ၂၃၃၄၁ ဒသမ ၈၁၅
၄။ ကုန်သွယ်မှုလိုငွေ ၃၄၄၇ ဒသမ ၈၇၈ ၃၆၇၇ ဒသမ ၀၅၁

 

Export, Import Read 1535 times