ယခုနှစ်ကုန်သွယ်မှုလိုငွေ သုည ဒသမ ၅ ဘီလီယံခန့် သတ်မှတ်ထား


10 August, 2018

ယခုနှစ်၏ ကုန်သွယ်မှုလိုငွေကို သုည ဒသမ ၅ ဘီလီယံခန့် သတ်မှတ်ထားပြီး ပို့ကုန် ပိုမိုတင်ပို့နိုင်ရန် ရည်မှန်းထားကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းထံမှ သိရသည်။

''ဒီနှစ်အတွက် ကုန်သွယ်မှုလိုငွေကို သုည ဒသမ ၅ ဘီလီယံ သတ်မှတ်ထားပြီး ပို့ကုန်ကို ပိုမိုတင်ပို့နိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒါပေမဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက လိုအပ်တဲ့ ကုန်စည်တွေ တင်သွင်းရတာတွေကြောင့် Investment Item တွေ ပိုလာရင်တော့ ကုန်သွယ်မှုလိုငွေက ဒါထက် ပိုရှိနိုင်ပါတယ်'' ဟု ဦးရန်နိုင်ထွန်း ကပြောသည်။

ယခင်နှစ်က ကုန်သွယ်မှုလိုငွေမှာ ၁ ဘီလီယံခန့် ဖော်ပြထားပြီး ယခုနှစ်အတွက် ကုန်သွယ်မှုလိုငွေကို သုည ဒသမ ၅ ဘီလီယံခန့် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်၏ ကုန်သွယ်မှု ပမာဏမှာ ၃၃ ဒသမ ၅၃၂ ဘီလီယံ ရရှိခဲ့၍ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု သမိုင်းတစ်လျှောက်တွင် အမြင့်ဆုံး ကုန်သွယ်မှု ပမာဏရရှိခဲ့ခြင်း ဖြစ်ပြီး ယခုဘဏ္ဍာနှစ် သုံးလကျော်ကာလအတွင်း ကုန်သွယ်မှု ပမာဏမှာ ၁၁ ဘီလီယံ ရှိကာ ယင်းပမာဏသည် ယခင်နှစ်ကာလတူထက် ၁ ဒသမ ၅ ဘီလီယံခန့် ပိုမိုရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

''နိုင်ငံက တည်ဆောက်နေဆဲ ကာလဖြစ်လို့ ကုန်သွယ်မှုလိုငွေက ရှိနေပါတယ်။ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံတယ်။ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ဖို့အတွက် နည်းအမျိုးမျိုးနဲ့ ကြိုးစားနေတယ်။ အဲဒီလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေ ဝင်လာတဲ့အခါ ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်တဲ့ ကုန်စည်တွေ သွင်းလာတာ ရှိလာလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမှု အရ လိုအပ်တဲ့ လုပ်ငန်းတွေအတွက် ဆောင်ရွက်ရတဲ့ ငွေတွေ ပိုမိုကုန်ကျလာတာ ဖြစ်မယ်။ ဒါပေမဲ့ အဲဒီလိုကုန်ကျလာတဲ့ ငွေတွေက တစ်ဖက်က နိုင်ငံဝင်ငွေအနေနဲ့ ဝင်လာတာတွေဖြစ်တယ်။ ကုန်သွယ်မှု အပေါ်မှာ တစ်ခုတည်းကြည့်လို့ မရဘူး'' ဟု ဦးရန်နိုင်ထွန်း ကပြောသည်။

ပို့ကုန်သွင်းကုန်၏ ပမာဏပေါ်ကြည့်၍ တစ်ဖက်ကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ တစ်ဆင့်ဝင်လာသည့် ငွေများကို Balance ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

Myawady daily

Local News Export, Import Read 514 times