ယခုဘဏ္ဍာရေးနှစ် ပထမခြောက်လအတွင်း ဖြစ်ပေါ်ခဲ့သော ကုန်သွယ်ရေးလိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၆ ဘီလီယံရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရပါသည်။
ယခုဘဏ္ဍာနှစ် ပထမခြောက်လအတွင်း ဖြစ်ပေါ်ခဲ့သော စုစုပေါင်းကုန်သွယ်မှုပမဏမှာ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၃ ဘီလီယံရှိခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ ကာလအတွင်း ပြည်ပသို့ တင်ပို့ခဲ့သည့် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ရ ဒသမ ၂ဘီလီယံရှိခဲ့ပြီး ပြည်တွင်းသို့ တင်သွင်းခဲ့သည့် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၀၉ ဘီလီယံ ရှိခဲ့ပါသည်။
ပြည်ပသို့ တင်ပို့ခဲ့သည့် ပို့ကုန်များအနက် ပုံမှန်လမ်းကြောင်းဖြင့် တင်ပို့ခဲ့သည့် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှု ကဏ္ဍမှတစ်ဆင့် တင်ပို့ခဲ့သည့် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက အတည်ပြုခဲ့ပါသည်။
ပြည်တွင်းသို့ တင်သွင်းခဲ့သည့် သွင်းကုန်များအနက် ပုံမှန်လမ်းကြောင်းများမှ တင်သွင်းခဲ့သည့် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ရ ဒသမ ၆၄ ဘီလီယံရှိခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် တင်သွင်းခဲ့သော သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၅ ဘီလီယံရှိခဲ့ပါသည်။
စက်တင်ဘာလတစ်လအတွင်း ဖြစ်ပေါ်ခဲ့သော ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံရှိခဲ့ပြီး ကုန်သွယ်ရေးလိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ ၂၆၆ သန်းရှိခဲ့ပါသည်။
ယခုဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ယခုလဆန်းပိုင်းအထိ တစ်ဦးချင်း ကုန်သွယ်ခွင့်ကတ်ဖြင့် ကုန်သွယ်မှု ပြုလုပ်ခဲ့သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၃ သန်း (ကျပ် ၂၄ ဒသမ ၉ ဘီလီယံ) ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရပါသည်။
ပြီးခဲ့သည့် နှစ်က တစ်ဦးချင်းကုန်သွယ်ခွင့်ကတ်များဖြင့် ကုန်သွယ်မှုပြုလုပ်ခဲ့သော ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈ သန်း ( ကျပ် ၁၈ ဒသမ ၉ ဘီလီယံ) ရှိခဲ့ပါသည်။
ယခုဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုမြင့်မားလာစေရန် ရည်ရွယ်ကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တစ်ဦးချင်း ကုန်သွယ်ခွင့်ကတ် ၁၀၆ ခု ထုတ်ပေးခဲ့ကြောင်းလည်း အတည်ပြုထားပါသည်။
Source:city news