ကုန်သွယ်မှုပမာဏ လေးလအတွင်း ဒေါ်လာ ၁၁ ဘီလီယံကျော်ရှိ


11 February, 2019

မြန်မာနိုင်ငံ၏ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ပထမလေးလအတွင်း မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများကြား  ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ရှိပါတယ်။  နိုင်ငံ ၂၃၀ ကျော်ဖြင့် ကုန်သွယ်နေသော မြန်မာနိုင်ငံအနေဖြင့် ယခုဘဏ္ဍာနှစ်  လေးလအတွင်း ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ သန်း ၃၀၀ ကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ပါတယ်။

ထို့အပြင် ကုန်သွယ်မှုလိုငွေပမာဏ သန်း ၉၅၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာသန်း ၆၀၀ ကျော် လျော့နည်းခဲ့ပါတယ်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်လေးလအတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ကျော်ရှိပါတယ်။ ကုန်သွယ်မှုလိုငွေ လျော့နည်းသွားခြင်းသည် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများ နှေးကွေးနေခြင်းကြောင့်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ပါတယ်။ လေးလအတွင်း သွင်းကုန်ပမာဏ ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံရှိပြီး ယခင်နှစ်ထက် ဒေါ်လာသန်း ၁၈၀ ကျော် လျော့နည်းခဲ့ပါတယ်။

မြန်မာနိုင်ငံ၏ အခြေအနေက သွင်းကုန်ပိုင်းတွင် လျှော့ချရန် လတ်တလောအခြေအနေ၌ မလွယ်ကူသေးကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကပြောပါတယ်။ ရင်းနှီးမြှုပ်နှံမှု၊ ကုန်ကြမ်းပစ္စည်း တင်သွင်းနေရမှု၊ နည်းပညာ၊ အခြေခံအဆောက်အအုံနှင့်ဆိုင်သော ကုန်ပစ္စည်းများ တင်သွင်းနေရမှုများက သွင်းကုန်ပမာဏ  လျှော့ချရေးဆောင်ရွက်ရန် ခက်ခဲနေသည်ဟု ဆိုပါတယ်။

ပို့ကုန်တွင် ချုပ်ထည်တင်ပို့မှုနှင့် ကျွဲ၊ နွား တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့မှုတိုးတက်နေပါတယ်။ ထို့ကြောင့် ပို့ကုန်တွင် လေးလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံကျော် တင်ပို့နိုင်ပါတယ်။ အဆိုပါပမာဏက ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာသန်း ၅၀၀ ကျော် ပိုများပါတယ်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံ၏  နိုင်ငံခြားကုန်သွယ်မှုကို ဒေါ်လာ ၃၁ ဒသမ ၁ သန်းကျော် ရရှိမည်ဟု စီးပွားကူးသန်းဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

‘ပို့ကုန်ပမာဏက တိုးတက်နေပါတယ်။ ဒီနှစ်မျှော်မှန်းထားတာထက် ပိုများသွားနိုင်တယ်’’ ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် ၂၀ ရာခိုင်နှုန်းခန့် ပါဝင်နေသော သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ဝင်ငွေသည် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် လေးလအတွင်း ဒေါ်လာ ၈၅ သန်းခန့် လျော့ကျသွားပါတယ်။ ယခုနှစ် လေးလတွင် ဒေါ်လာ သန်း ၉၀၀ ကျော် ရရှိထားသော်လည်း ထုတ်လုပ်မှုနှင့်  ဈေးနှုန်းအခြေအနေကြောင့် ဝင်ငွေလျော့နည်းခြင်းဟု ဦးခင်မောင်လွင်က ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးတွင် အဓိကဖြစ်သော မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးသည် ယခင်နှစ်ထက် သန်း ၅၀၀ ကျော် လျော့နည်းခဲ့ပါတယ်။ လေးလအတွင်း ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော် ပို့ကုန်တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့သည့်နှစ် လေးလက ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံကျော် ပို့နိုင်သဖြင့် ကာလတူနှိုင်းယှဉ်ပါက ဒေါ်လာ သန်း ၅၅၀ ခန့်လျော့နည်းပါတယ်။

မြန်မာ-တရုတ် စင်္ကြံလမ်းစီမံကိန်း၊ နယ်စပ်စီးပွားရေးဇုန်များ အကောင်အထည်ဖော်လိုနေသော တရုတ်နိုင်ငံက မြန်မာ့ပို့ကုန်များကို တရားမဝင်ကုန်သွယ်ရေး တားဆီးရေးခေါင်းစဉ်ဖြင့် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၈ အောက်တိုဘာက စတင်ပြီး နယ်စပ်တွင် တရုတ်လုံခြုံရေးအဖွဲ့များ၏ အင်အားတိုးမြှင့်ချထားခြင်းက မြန်မာ့ပို့ကုန်တင်ပို့ရေးကို အဟန့်အတားဖြစ်စေခဲ့ပါတယ်။

7Day Daily

Export, Import Read 453 times