ကုန်သွယ်ဖက်နိုင်ငံ ၁ဝ ခုနီးပါးတိုးလာခဲ့


05 February, 2021

ယခုဘဏ္ဍာနှစ် လေးလတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုပြုနေသည့်နိုင်ငံများအပြင် အခြားသော ကုန်သွယ်ဖက်နိုင်ငံအသစ် ၁ဝ ခုနီးပါး တိုးလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရပါတယ်။ ပြည်တွင်း၏အဓိကပို့ကုန်ဖြစ်သည့် ဆန်၊ ပြောင်းနှင့် အခြားသော လယ်ယာထွက်ကုန်များကို ကုန်သွယ်ဖက်နိုင်ငံအသစ်များက ဝယ်ယူကြောင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆန်ဝယ်ယူလာသည့်အပြင် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများ၊ အာရှတိုက်တွင်းနိုင်ငံများလည်း စိုက်ပျိုးရေးထွက်ကုန်များဝယ်ယူရန် ကမ်းလှမ်းမှုများရှိကြောင်း ယင်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားပါတယ်။

“အဓိကကတော့ အစိုးရချင်း ဆွေးနွေးမှုတွေများများလုပ်ဖြစ်တယ်။ စီးပွားကူးသန်းရဲ့တာဝန်ကလည်း ဈေးကွက်အသစ်တွေ ရှာဖို့ဖြစ်တဲ့အတွက် နိုင်ငံတကာစီးပွားရေး ဖိုရမ်တွေလုပ်တဲ့အခါ ကိုယ့်ဘက်ကသွားပြီး ရှင်းပြတာတွေ၊ ပရိုမိုးရှင်းလုပ်တာတွေရှိတော့ ကုန်သွယ်ဖက်နိုင်ငံက ပိုတိုးလာတာပါ”ဟု ၎င်းက ဆိုပါတယ်။

တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတစ်ခုတည်းကို အားကိုး၍မရခြင်းကြောင့် ဈေးကွက်အသစ်များ ရှာဖွေရကြောင်း၊ ကုန်သွယ်ဖက်နိုင်ငံများ တိုးလာခြင်းကြောင့် ကုန်သွယ်မှုပမာဏမှာ အထိုက်အလျောက်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရပါတယ်။

လက်ရှိတွင် အဓိကကုန်သွယ်နေသည့် နိုင်ငံပေါင်း ၇၄ နိုင်ငံရှိပြီး အများဆုံးကုန်သွယ်သည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကာ အနည်းဆုံးကုန်သွယ်သည့်နိုင်ငံမှာ ကျွန်းနိုင်ငံများဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရပါတယ်။

အထည်ချုပ်လုပ်ငန်းတွေဆိုရင် ဥရောပနိုင်ငံဘက်က ပိုပြီးမှာယူလာတာတွေရှိတယ်။ တခြားဈေးကွက်တွေလည်း ရှိလာတော့ ကုန်သွယ်မှုတွေက အထည်ချုပ်မှာတက်လာတာပါ။ နောက်တစ်ခုက ကုန်သည်အသင်းအချင်းချင်း ကမ်းလှမ်းတာတွေရှိတော့ အဲဒီနိုင်ငံတွေကနေတစ်ဆင့် ဈေးကွက်ကျယ်ပြန့်လာတာတွေရှိတယ်”ဟု အထည်ချုပ်လုပ်ငန်းရှင်ဦးအောင်ဝင်းက ပြောကြားပါတယ်။

The Voice

Local News Read 2353 times