တိုက်ကြီးမြို့နယ်၊ လောက်လေးချောင်းကျေးရွာအုပ်စု၊ စွယ်တော်ကန်ကျေးရွာမှာရှိတဲ့ မိရိုးဖလာအိုးလုပ်ငန်း လုပ်ကိုင်နေသူတွေ ဆက်လက်ရပ်တည် လုပ်ကိုင်နိုင်ဖို့အတွက် ထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ အိုးလုပ်ငန်းရှင်တွေက ပြောပါတယ်။
အိုးလုပ်ငန်းလုပ်ကိုင်သူ ဦးသန်းလွင်က “ အိုးလုပ်ငန်းမှာ မြေကြီးက အဓိကကျတာ ဖြစ်တဲ့အတွက် မြေကြီးဝယ်ရတယ်။ အိုးမီးဖုတ်ဖို့အတွက်က ကောက်ရိုးနဲ့ ဖွဲခွံ ဝယ်ထားရတယ်။ အလုပ်သမားအတွက် ငွေကြိုပေးထားရတယ်။ နွေရာသီတခုတည်း လုပ်ရတာဖြစ်တဲ့အတွက် ရာသီဥတုဖောက်ရင် အရှုံးပေါ်တယ်။ လုပ်ငန်းလုပ်ကိုင်ဖို့အတွက် ကိုယ့်ရှိတဲ့ငွေနဲ့ မလောက်တော့ အပြင်ကအတိုးနဲ့ဆွဲပြီး လုပ်ရတယ်။ အရှုံးပေါ်ရင် ကိုယ့်အတွက်မကျန်ဘူး။ အကြွေးကြေရုံလောက်ပဲရတယ် ” လို့ ပြောပါတယ်။
စွယ်တော်ကန်ကျေးရွာမှာ အိမ်ခြေ ၈၀ လောက်ရှိပြီး နှစ်ပေါင်းများစွာကတည်းက အိုးဖုတ်လုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်နေရတာပါ။ အိုးဖုတ်လုပ်ငန်းကို နွေရာသီသာ လုပ်ကိုင်ခွင့်ရှိပြီး တိုးချဲ့လုပ်ကိုင်နိုင်ဖို့အတွက် ထောက်ပံ့မှုတွေ လိုအပ်နေတာပါ။
အိုးလုပ်ကိုင်သူ ဦးလှအေးက “အစိုးရက အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကို အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေ ထုတ်ပေးတယ်ပြောတယ်။ ကျနော်တို့ရွာဘက်ကိုတော့ မရောက်ဘူး။ အခုက တနိုင်တပိုင် လုပ်ကိုင်နေရတာ။ အစိုးရက သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေထုတ်ပေးမယ်ဆို လုပ်ငန်းကို တိုးချဲ့လုပ်နိုင်မှာ။ အခုက တနေ့ကို အိုးအလုံးရေ ၁၀၀ လောက်ပဲကျတယ်။ ရသလောက်ကုန်တယ်။ မှော်ဘီ၊ အဖျောက်၊ ဇလွန်နဲ့ ရန်ကုန်ကအထိ လာဝယ်ကြပြီး အော်ဒါမှာတာတွေလည်းရှိတယ်” လို့ ပြောပါတယ်။
DVB