၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မကုန်မီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မြေခွန်ကောက်ခံမည်
နိုင်ငံတော်ခွင့်ပြုချက်ဖြင့် တရားဝင်အသုံးပြုခွင့်ပေးထားသော မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများကို ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မကုန်မီ မြေခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးမှပြောကြားကြောင်းသိရပါသည်။
မြေလွပ်၊ မြေလပ်နှင့် မြေရိုင်းများအား မြေခွန်တော် စည်းကြပ်ကောက်ခံနိုင်ရေးကိစ္စနှင့်ပတ်သတ်၍ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနများ၏ အကြံပြုချက်၊ သဘောထားမှတ်ချက်များကို တင်ပြတောင်းခံပြီး ပြည်ထောင်စုအစိုးရအဖွဲ့စီးပွားရေးရာကော်မတီသို့ တင်ပြခဲ့ပြီး ကော်မတီ၏ ဆုံးဖြတ်ချက်အရ သြဂုတ်လ ၁၀ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၅/၂၀၁၇)တွင် တင်ပြ အတည်ပြုချက်ရယူခဲ့ပါသည်။
မြေခွန်ကောက်ခံရာတွင်လည်း ကောက်ခံမည့်သူများ လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများကို ညွှန်ကြားချက်ထုတ်ပြန်နိုင်ရန် တာဝန်ရှိသူများထံသို့ မူကြမ်းဖြန့်ဝေပြီး အကြံပြုချက်များကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးတွင် တင်ပြဆွေးနွေးကာ မြေခွန်ကောက်ခံရေး ညွှန်ကြားချက်များကို ထုတ်ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
အောက်တိုဘာလ ၂၇ရက်နေ့တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ တနင်္သာရီတိုင်းဒေသကြီးရှိ အသုံးပြုခွင့်ပေးထားသည့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများအား မြေခွန်ကောက်ခံမည့်အချိန်နှင့် ဆောင်ရွက်ထားရှိသောကောက်ခံမည့်အစီစဉ်များကို သိရှိလိုကြောင်း မေးမြန်းချက်အပေါ် ဒုတိယဝန်ကြီးမှ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
၂၀၁၂ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးနည်းဥပဒေပုဒ်မ ၃၉၊ ပုဒ်မခွဲ (က)(ခ)(ဂ)(ဃ)(င)တို့အရ မြေလွတ်၊ မြေရိုင်းများတွင် မြေခွန်ကင်းလွတ်ခွင့်ကာလကို စတင်ခွင့်ပြုခဲ့သည့် နှစ်မှစတင်၍ သီးနှံအမျိုးအစားအလိုက်၊လုပ်ငန်းအမျိုးအစားအလိုက် ကင်းလွတ်ခွင့်ကာလကုန်ဆုံးမည့်အချိန်ကို အတိအကျပြဋ္ဌာန်းပါရှိပြီး ဖြစ်ကြောင်း၊ နည်းဥပဒေပုဒ်မ ၄၀၊ ပုဒ်မခွဲ (က)(ခ)(ဂ)(ဃ)(င)တို့၏ ပြဋ္ဌာန်းချက်အရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကိုလုပ်ပိုင်ခွင့်ရရှိသူများမှ အသုံးပြုခွင့်ရရှိထားသော မြေများအတွက် မြေခွန်ကင်းလွတ်ခွင့်ကုန်ဆုံးသည့်နှစ်မှစ၍ အသီးနှံအမျိုးအစားအလိုက် တစ်နှစ်လျှင် တစ်ကြိမ် သတ်မှတ်နှုန်းထားအတိုင်း မြေခွန်ပေးဆောင်ရမည်ဖြစ်ကာ ဦးစီးဌာနမှလည်းစီးကြပ်ကောက်ခံရမည်ဟု ပါရှိပါသည်။
ယခုလက်ရှိကာလတွင် လုပ်ကို်င်ခွင့်ပေးထားသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများမှာ ကင်းလွတ်ခွင့်ပေးထားသည့် ကာလကျော်လွန်သွားပြီဖြစ်သော်လည်း အခွန်စီးကြပ်ကောက်ခံထားခြင်းမရှိသေးကြောင်း တနင်္သာရီတိုင်းဒေသကြီး၊လောင်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ပြောကြားကြောင်းသိရပါသည်။
မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို အသုံးပြု၍ စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ ဥပဒေနှင့်အညီ အခြားသော လုပ်ငန်းများကို လုပ်ကိုင်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ၊စီမံခန့်ခွဲရေး ဥပဒေပြဋ္ဌာန်းခဲ့ကာ လုပ်ငန်းများကို ခွင့်ပြုခဲ့ရာ မြေဧရိယာအားဖြင့် လေးသန်းနီးပါး ခွင့်ပြုလုပ်ကိုင်ခွင့်ပေးထားသော်လည်း သတ်မှတ်ဧရိယာများအတိုင်းပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရပါသည်။
လုပ်ကိုင်ခွင့်ပေးထားပြီး အပြည့်အဝ အသုံးမချနိုင်သည့် မြေများကို နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများအတွက် ပြန်လည်ချထားပေးမည်ဖြစ်ပြီး အကောင်အထည်ဖော်ထားပြီးသော လုပ်ငန်းများအတွက်၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မကုန်မီ ကောက်ခံသွားမည်ဖြစ်ကြောင်းသိရပါသည်။
ထို့အပြင် မြေခွန်ကောက်ခံခြင်းလုပ်ငန်းစဉ်များကို ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလတွင် အပြီးသတ်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလတွင် ကောက်ခံရေးလုပ်ငန်းများကို စတင်သွားမည်ဖြစ်ကာ မတ်လတွင်အပြီးသတ်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရပါသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ၁၉၉၂ခုနှစ်မှ ၂၀၁၁ခုနှစ်အထိ မြေလွတ်၊ မြေရိုင်းဧက ခြောက်သိန်းခန့်ကို လုပ်ငန်းရှင်များနှင့်အဖွဲ့အစည်းများထံသို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန်ချထားပေးခဲ့ပြီးမြေဧကနှစ်သိန်းခွဲခန့်တွင် သီဟိုဋ္ဌ်ပင်၊ ရော်ဘာပင်နှင့် ဆီအုန်းအစရှိသည့် နှစ်ရှည်ပင်များ စိုက်ပျိုးခဲ့သော်လည်း အခြားလုပ်ငန်းမလုပ်ကိုင်သည့် မြေဧက သုံးသိန်းကျော်ကျန်ရှိနေသေးကာ လုပ်ငန်းများလုပ်ကိုင်ရန်အတွက်သက်ဆိုင်ရာဌာနအသီးသီးမှ ခွင့်ပြုမိန့်ချထားပေးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။
Source:the farmer media