သင်္ကြန်နီး၍ ကုန်ကားပို့ခ ဈေးမြင့်လာနေ


11 April, 2019

သင်္ကြန်နီးလာ၍ မြဝတီသို့ ကုန်ပို့ကားခများ ဈေးနှုန်းမြင့်တက်လာပြီး မော်လမြိုင်၊ ဘားအံ၊ မြဝတီတို့မှအပြန် ကုန်မရ အလွတ်ပြန်နေရပါတယ်။ ရန်ကုန်ရှိ ယင်းဒေသသွား ကားဂိတ်အများစုမှာ ကားမရှိကြ၍ ကားခနှုန်ဧပြီလ ပထမပတ်အလယ်မှ စ၍ မန္တလေးမှ ရန်ကုန်သို့ ကုန်တစ်တန်ကားခ ကျပ် ၄၀ဝဝဝ နှုန်း၊ ရန်ကုန်မှ မန္တလေးသို့ ကားခ ကျပ် ၂၀ဝဝဝ နှုန်း၊ တောင်ကြီးမှ ရန်ကုန်သို့ ကုန်တစ်တန် ကားခ ကျပ် ၄၅၀ဝ၀ နှုန်း၊ ရန်ကုန်မှ တောင်ကြီးသို့ ကုန်ကားခ ကျပ် ၃၀ဝဝဝ နှုန်းဝန်းကျင် ရှိပါတယ်။ အဆိုပါဈေးနှုန်းများမှာ တွဲကားခနှုန်းထားများဖြစ်ပြီး ၁၂ ဘီးကားခဆိုရင်တော့ ယင်းနှုန်းထားထက် မြင့်ပါတယ်။

တောင်ကြီးမှ ရန်ကုန်သို့ ပြောင်းတစ်ပိဿာ ကားခ ၅၅ ကျပ်သာရှိရာမှ ဧပြီ ၈ ရက်မှာ ၆၅ ကျပ်နှုန်းရှိလာပါတယ်။ တောင်ကြီးမှအဆင်းနဲ့ မြဝတီခရီးစဉ်များမှာ ပြောင်းတင်ပို့မှုများလာပါတယ်။ ကျောက်ဆည်မှ ရန်ကုန်သို့ ဘိလပ် မြေတစ်အိတ် ကားခ ကျပ် ၁၆၀ဝ သာရှိရာမှ ယခုရက်မှာ ကျပ် ၂၀ဝ၀ နှုန်းသို့ မြင့်တက်လာတယ်လို့ နယ်စုံကို ကုန်တင်ပို့နေတဲ့ ကုန်ကားဂိတ်လုပ်ငန်းရှင် ဦးအောင်မြင့်က ပြောပါတယ်။

အာလူးတစ်ပိဿာလျှင် ယခင်ကားခ ၄၅ ကျပ်နှုန်းမှ ယခုရက် ကျပ် ၈၀ နှုန်း၊ ကြက်သွန်နီတစ်ပိဿာ ကျပ် ၄၀ မှ ယခုရက် ၅၅ ကျပ်၊ ၆၀ နှုန်းသို့ ဈေးနှုန်းမြင့်တက်လာပါတယ်။ ဘုရင့်နောင်အတွင်းရှိ ခရီးဝေးကုန်ကားဂိတ် အများစုမှာ ဧပြီ ၈ ရက်၊ ၉ ရက် နောက်ဆုံးဖွင့်ကာ ကုန်ပို့ခြင်းလုပ်ကိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ဝန်းကျင် ပုသိမ်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသများနှင့် ပဲခူးဒေသသွား ကားဂိတ်အများစုကတော့ ဧပြီ ၁၀ ရက်နဲ့ ၁၁ ရက်အထိ လုပ်ငန်းလုပ်ကိုင်မှာ ဖြစ်ပါတယ်။

ခရီးမိုင် ၁၈၀ ဝန်းကျင်ရှိ ရန်ကုန်– ဘားအံခရီးစဉ်နှင့် ခရီးမိုင် ၂၀ဝ ရှိ ရန်ကုန်– မော်လမြိုင်ခရီးစဉ်တို့တွင် ကုန်ပို့ခတစ်ပိဿာ ကျပ် ၄၀၊ ၄၅ ကျပ် ဝန်းကျင်ရှိလာပါတယ်။ ခရီးမိုင် ၃၀ဝ ဝန်းကျင်ရှိ ရန်ကုန်– မြဝတီ ခရီးစဉ်တွင် ကုန်ပို့ခတစ်ပိဿာ ၆၅ ကျပ်နှုန်း ရှိပါတယ်။ ယင်းဒေသများမှ အပြန် ကုန်ရှားသဖြင့် ကုန်မပါအလွတ် ပြန်လာရခြင်းများ ရှိနေတဲ့အတွက် ကုန်ကားခ ၁၀ ကျပ်ဝန်းကျင် ဈေးမြင့်တက်လာပါတယ်။

သို့ဖြစ်ရာ နှစ်စဉ် သင်္ကြန်မတိုင်မီ တွေ့ကြုံရတတ်တဲ့ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ရေး အခက်အခဲများဟာ ပို့ဆောင်ရေးလောကမှာ သင်္ကြန်အကျိုးစီးပွားအသွင် မြင်တွေ့နေရတယ်လို့ ကုန်ကားအများအပြားနဲ့ ချိတ်ဆက်မှုများတဲ့ ရန်ကုန် ဘုရင့်နောင်ပွဲရုံဝင်းမှ ကားဂိတ်လုပ်ငန်းရှင် ဦးစိုးက ပြောပါတယ်။

မိုင် ၁၁၀ ဝန်းကျင်သာ ရှိတဲ့ ရန်ကုန်– ပုသိမ်ခရီးတွင် ဆန်နှင့် ၉၅ မိုင်ဝန်းကျင်ရှိတဲ့ ရန်ကုန်– ဟင်္သာတခရီးတွင် ပဲအိတ်များ ရန်ကုန်အဆင်းမှာ တင်ပို့မှုများနေပါတယ်။ ရန်ကုန်မှ ပုသိမ်သို့ မြေဆီတစ်အိတ်ကားခ ကျပ် ၇၀ဝ၊ အာလူးတစ်အိတ် ကားခကျပ် ၁၀ဝ၀ နှုန်းရှိပြီး ပုသိမ်မှ ရန်ကုန်သို့ ဆန်တစ်အိတ်ကားခ ကျပ် ၇၀ဝ နှုန်းရှိပါတယ်။ ခရီးနီးဖြစ်၍ ယင်းခရီးစဉ်များတွင် ကားခပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။

 

Local News Read 441 times