TrueMoney Myanmar ပဲ့ကိုင်အသစ် ခန့်အပ်


29 July, 2020

အရှေ့တောင်အာရှ မိုဘိုင်းငွေကြေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သည့် TrueMoney သည် မြန်မာနိုင်ငံမှ သုံးစွဲသူများအတွက် သက်သာ၍ အဆင့်မြင့်သော ဝန်ဆောင်မှုအရည်အသွေးများကို ပေးစွမ်းနိုင်ရန်နှင့် အေးဂျင့်ကွန်ရက်ကို ပိုမိုခိုင်မာစေရန် ဒေါ်ကြည်သာရိုမန်နက်အား TrueMoney Myanmar ၏ Managing Director အဖြစ် ခန့်အပ်ကြောင်း သတင်းထုတ်ပြန် ကြေညာသည်။

 ဒေါ်ကြည်သာသည် ပြင်သစ်၊ မလေးရှားနှင့် မြန်မာနိုင်ငံရှိ ထိပ်တန်းအဖွဲ့အစည်းကြီးများတွင် ဘဏ္ဍာရေးနှင့် နည်းဗျူဟာ ရေးဆွဲခြင်းကဏ္ဍများ၌ ၁၅ နှစ်ကျော် လုပ်သက်အတွေ့အကြုံ ရှိပြီးဖြစ်သည်။ TrueMoney နှင့် လက်မတွဲမီ မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဒေသခံ လုပ်ငန်းစုကြီးတစ်ခုတွင် Financial Controller ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဘဏ္ဍာရေးစိစစ်မှုဆိုင်ရာ လုပ်ငန်းဆောင်တာများအား ပိုမိုကောင်းမွန်လာစေရန် ပြန်လည် မွမ်းမံဖွဲ့စည်းတည်ဆောက် ပေးခဲ့သည်။ ထို့အပြင် သူမသည် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ NGO အား အခြေခံမှ စ၍ တည်ထောင်ခဲ့ပြီးနောက် မြန်မာနိုင်ငံရှိ ထိပ်တန်း ဂျပန်ကုမ္ပဏီနှင့် တွဲဖက်လုပ်ဆောင်နေသော ဆေးဘက် ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုတွင်လည်း CFO ရာထူးဖြင့်  တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။

 သူမအား ခန့်အပ်လိုက်ခြင်းနှင့် ပတ်သက်၍ Ascend Money ကုမ္ပဏီလီမိတက်မှ နိုင်ငံတကာစီးပွားရေးဆိုင်ရာ Managing Director ဖြစ်သူ နှင့် TrueMoney ၏ Operator ဖြစ်သူ Mr.Dale Kim မှ “ ဒေါ်ကြည်သာက TrueMoney Myanmar အတွက် အတွေ့အကြုံကောင်းတွေကို ယူဆောင်ပေးလာနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပြီး သူမကို TrueMoney ရဲ့ ငွေပေးချေမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ဦးဆောင်လုပ်ကိုင်မယ့် ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ရတာကို အလွန်ပင်ဝမ်းသာမိပါတယ်။ ကျွန်တော်တို့က ရေရှည်တည်တံ့ တိုးတက်နိုင်စွမ်းကို ပိုမို ဦးစားပေးလိုသည့်အတွက်ကြောင့် သူမရဲ့ ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး အားကောင်းတဲ့ နားလည်နိုင်စွမ်းနဲ့ စီးပွားရေးလည်ပတ်မှုအပိုင်းမှာ ကျွမ်းကျင်မှုတွေက အများကြီး အရေးပါပါတယ်” ဟု ပြောကြားခဲ့သည်။

 “ကျွန်မအနေနဲ့ မြန်မာနိုင်ငံမှာ ဒီဂျစ်တယ် မိုဘိုင်းငွေပေးချေမှုတွေကို လက်ခံသုံးစွဲမှု များပြားလာတဲ့အချိန်မှာ TrueMoney Myanmar နဲ့ လက်တွဲခွင့်ရတဲ့အတွက် အရမ်း စိတ်လှုပ်ရှားမိပါတယ်။ အသင်းအဖွဲ့တစ်ခုအနေနဲ့ ကျွန်မတို့က မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ စိတ်ချယုံကြည်ရပြီး စိတ်ကြိုက်ငွေပေးချေမှုတွေကို လုပ်ဆောင်နိုင်တဲ့ ဝန်ဆောင်မှုကို ပေးအပ်ပြီး သုံးစွဲသူ သန်းပေါင်းများစွာနဲ့ မိတ်ဖက်ကုမ္ပဏီများကို တိုးချဲ့ပေးသွားနိုင်ဖို့ အဆက်မပြတ် ကြိုးစားလျက်ရှိပါတယ်။ ကျွန်မတို့ TrueMoney အနေနဲ့ Covid 19 အခြေအနေမှာ သုံးစွဲသူများရဲ့ လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပြီး ပြည်ပကနေ ပြည်တွင်းကို ငွေလွှဲဝန်ဆောင်မှုကို အသုံးပြုရတဲ့အခါ ပြည်သူလူထုအတွက် အသက်သာဆုံးဝန်ဆောင်မှုကို ရွေးချယ်နိုင်စေရမယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်။” ဟု ဒေါ်ကြည်သာမှ ပြောကြားခဲ့သည်။

 TrueMoney သည် ဒေါ်ကြည်သာ၏ ခေါင်းဆောင်မှုအောက်တွင် ဒေသခံအသိုင်းအဝိုင်းများ၏ ဘဝအခြေအနေကို မြှင့်တင်ပေးနိုင်မည့် သက်သာ၍ အရည်အသွေး ကောင်းမွန်သော ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို ပေးအပ်ခြင်းဖြင့် ဈေးကွက်အား ဦးဆောင်သွားနိုင်မည်ဟု အခိုင်အမာ လက်ခံယုံကြည်ထားသည်။ 

TrueMoney Co., Ltd. အကြောင်း

TrueMoney Co., Ltd. အား ၂၀၀၃ ခုနှစ်တွင် True Corporation မှ စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဒေသဆိုင်ရာရုံးချုပ်ကိုထားရှိ၍ ၂၀၁၅ တွင် Ascend Group ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။ 

TrueMoney သည် ဘဏ်ကိုအသုံးမပြုကြသော၊ အသုံးပြုခွင့် မရရှိသောသူများအတွက် အသစ်တီထွင်ထားသော နည်းပညာကို အသုံးပြု၍ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံအနှံ့တွင် အေးဂျင့်ပေါင်း ၂၀,၀၀၀ ကျော်နှင့်အတူ TrueMoney သည် သုံးစွဲသူများကို ပြည်တွင်းမှာသာမက ပြည်ပမှာပါ လွယ်ကူမြန်ဆန်သော ငွေဖြည့်ဝန်ဆောင်မှုများ၊ ဘေလ်ပေးချေမှုများနှင့် ငွေလွှဲဝန်ဆောင်မှုများကို ရရှိစေသည်။

 TrueMoney ၏ ခံယူချက်သည် ဘဏ်လုပ်ငန်း ၀န်ဆောင်မှုများ ရရှိရန် အခက်အခဲရှိသူများ အတွက် ငွေကြေး၀န်ဆောင်မှုများ ရရှိစေနိုင်ရန်ဖြစ်သည်။ ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့်  ငွေကြေး ဝန်ဆောင်မှုများကို သုံးစွဲသူများအား ပေးအပ်နိုင်ရန် ဆောင်ရွက်နေသည့် TrueMoney သည် အရှေ့တောင် အာရှဒေသရှိ လူနေမှုအဆင့်အတန်းကို တိုးတက်မြင့်မားစေရန် ရည်ရွယ်သည်။

 TrueMoney သည် အရှေ့တောင်အာရှတစ်ဝန်းတွင် အေးဂျင့်ပေါင်း ၇၀,၀၀၀ ကျော်ရှိ ကွန်ရက်ကို ပိုင်ဆိုင်ထားပြီး အဓိကဘဏ်များ ပြည်တွင်း စီးပွားရေးလုပ်ငန်းများနှင့်လည်း လက်တွဲ လုပ်ဆောင်လျက် ရှိသည်။ TrueMoney သည် လက်ရှိတွင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသည့် နိုင်ငံ ၆ နိုင်ငံတွင် လုပ်ဆောင်နေပြီး ယင်းတို့၏ အေးဂျင့်များမှ တဆင့် ဝေးလံခေါင်ပါးသော ကျေးလက်ဒေသနေ လူ့အဖွဲ့အစည်းများ အတွက် ငွေပေးချေမှုနှင့် ငွေကြေးဝန်ဆောင်မှုများကို လွယ်ကူစွာရရှိစေနိုင်ရန် ဝန်ဆောင်မှု ပေးနေသည်။

TrueMoney Myanmar Co., Ltd. အကြောင်း

Ascend Group ၏ လုပ်ငန်းခွဲဖြစ်သော TrueMoney Myanmar ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပါသည်။

TrueMoney Myanmar သည်   မြန်မာလူမျိုးတို့၏ လူနေမှုဘဝများ သေချာစွာ တိုးတက်ပြောင်းလဲနိုင်စေရန် အတွက် ကျွန်ုပ်တို့သည် Ascend Group နှင့် ၄င်း၏လုပ်ငန်းမိတ်ဖက်များ နှင့်အတူ လက်ချင်းချိတ် ကြိုးစားလုပ် ဆောင်လျက်ရှိပါသည်။ မြန်မာတစ်ပြည်လုံး ကိုယ်စားလှယ်ပေါင်း ၂၀,၀၀၀ ကျော်ရှိပါသည်။  ဖုန်းငွေဖြည့်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ပြည်တွင်း၊ပြည်ပ ငွေလွှဲ၊ငွေထုတ်ခြင်းများကို လွယ်ကူစိတ်ချစွာ အသုံးပြုနိုင်ရန် အဓိကထားပြီး လုပ်ဆောင်ပေးနေပါသည်။

TrueMoney ၏ ရည်မှန်းချက်ကို ဖော်ဆောင်ခြင်းအားဖြင့် ကုမ္ပဏီသည် သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေသက်သာစေသော ပြည်တွင်းငွေလွှဲနှုန်းအား လျှော့ချပေးသည့် “တန်ချက်က လန်ထွက်” အစီအစဉ်အား မကြာသေးမီက ကြေညာခဲ့သည်။ အဆိုပါ လုပ်ဆောင်မှုမှတဆင့် TrueMoney သည် ပြည်တွင်းငွေလွှဲဝန်ဆောင်မှု ဈေးကွက်တွင် ၃၀ ရာခိုင်နှုန်းပိုမိုသက်သာစေခြင်းဖြင့် ကပ်ရောဂါအချိန်ကာလတွင် သုံးစွဲသူများကို အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။

Banking & Loan Read 691 times