မြန်မာနိုင်ငံ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းနေ


25 June, 2018

မြန်မာနိုင်ငံ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ မြန်မာ့ဆန်စပါးဥပဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းနေပြီး မူကြမ်းအဆင့်ကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြမည်ဖြစ်ကြောင်း သိရပါတယ်။

ယခုကဲ့သို့ မြန်မာ့ဆန်စပါး ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ပြုစုထားသော အခြေခံ(မူကြမ်း)နှင့် စပ်လျဉ်း၍ ယမန်နေ့က ရန်ကုန်မြို့ UMFCCI ရှိ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၌ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ''ဆန်စပါးဥပဒေ တစ်ရပ် ပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ဥပဒေကြမ်းတောင် မဖြစ်သေးပါဘူး။ ဥပဒေကြမ်း ဆိုတာ လွှတ်တော်ကို တရားဝင်တင်နိုင်တဲ့ အနေအထားကို သတ်မှတ်လို့ရတာပါ။

အခုပြုစုထားတဲ့ ဥပဒေက မူကြမ်းအဆင့်ပဲ ရှိသေးတယ်။ ဒါကို ဇွန် ၇ ရက်က အမျိုးသား လွှတ်တော်မှာရှိတဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တဲ့ ကော်မတီ၊ တောင်သူလယ်သမားနဲ့ ပတ်သက်တဲ့ ကော်မတီမှာ ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဇွန် ၁၄ ရက်မှာ ပြည်သူ့ လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

ပြည်ထောင်စု ရှေ့နေချုပ်ရုံးနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ဆက်ပြီးတင်ပြဖို့ ရှိပါတယ်'' ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးတွင် အဓိက ပါဝင်သည့် စိုက်ပျိုးထုတ်လုပ်ခြင်း ကဏ္ဍ၊ ကြိတ်ခွဲခြင်း ကဏ္ဍနှင့် ကုန်သွယ်ရောင်းချခြင်း ကဏ္ဍ စသည့်ကဏ္ဍများတွင် ဘက်စုံညီ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာ့ဆန်စပါးနှင့် စပ်လျဉ်းသည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။

 Myawady

Laws and Regulations Read 614 times