သန့်ပြန့်လန်းဆန်းစေခဲ့တဲ့ UAB ပဲ့ကိုင်


31 March, 2019

ယူနိုက်တက် အမရာဘဏ် United Amara Bank (UAB) ရဲ့ အမှုဆောင် အရာရှိချုပ် Christopher Loh ဟာခေတ်မီပြီး အလုပ်ကောင်းကောင်း လုပ်ကိုင်တဲ့ ဘဏ်တစ်ခုဖြစ်နေစေဖို့ကို အပတ်တကုပ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ရုံးချုပ်အဆောက်အဦကို သူရောက်လာတဲ့အခါ ခနော်ခနဲ့ ဓာတ်လှေကားနဲ့ သူ့ရုံးခန်းရှိရာ အထပ်ကို တက်တယ်။ ဓာတ်လှေကားက ၁၉၇၀ ပြည့်လွန်နှစ်လောက်တုန်းက ဓာတ်လှေကားလို့ ထင်ရတယ်။ ခလုတနှိပ်ပြီး ခေါ်လိုက်ရင် ရောက်ချင်မှ ရောက်လာတဲ့ ဓာတ်လှေကား ဖြစ်ပါတယ်။

ဝန်ထမ်းတွေနဲ့ အစည်းအဝေးထိုင်တဲ့အခါမှာ သူပြောတာကို ကြားဖို့ အားထုတ်ရတယ်။ အောက်ထပ်မှာ ရှိနေတဲ့ ခေါက်ဆွဲဆိုင်ထံမှ ဆူညံသံတွေ၊ အနီအနားမှာ ရှိနေတဲ့ ကာရာအိုကေထံမှ တွန်မြည်သီကျူးသံတွေကို အပြိုင်အဆိုင်ပြုပြီး သူ ပြောရတယ်။ သူရဲ့ ဇာတိ စင်ကာပူမှာ ရုံးဘဝဟာ အခုလိုမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ Loh က စင်ကာပူ အမျိုးသားတပ်မတော်မှာ စစ်မှုထမ်းသက် ၁၉ နှစ်ရှိပြီး ဗိုလ်ကြီးအဆင့်အထိ ရောက်ခဲ့တယ်။ သူက အတိုင်ပင်ခံ လုပ်ငန်းစု Accenture မှာ ဦးဆောင်ညွှန်ကြားရေးမှူးချုပ်အဖြစ် နှစ်အတန်ကြာ လုပ်ကိုင်ခဲ့တယ်။ နောက်တော့ သူက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တည်ရှိတဲ့ ဘဏ်လုပ်ငန်း RHB ရဲ့ နိုင်ငံတကာ စီးပွးရေးဌာနခွဲမှာ လုပ်ကိုင်ခဲ့တယ်။

UAB ဘဏ်မှာ သူလုပ်ကိုင်ခဲ့တာ အခုဆိုရင် ၁၈ လ ရှိပြီ။ အလယ်အလတ် အရွယ်အစားရှိတဲ့ ဒီဘဏ်မှာ လာရောက်လုပ်ကိုင်ပေးဖို့ စစ်တပ်နဲ့ အချိတ်အဆက်ရှိတဲ့ အောင်မိသားစုက ကမ်းလှမ်းခဲ့တယ်။

၂၀၁၀ ခုနှစ်မှာ စတင်ခဲ့တဲ့ UAB ဟာ ပြည်တွင်းဘဏ်တွေဖြစ်တဲ့ KBZ, CB Bank နဲ့ Aya Bank တို့ကို အမီလိုက်နိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ အစစအရာရာ ပြောင်းလဲပေးလိုက်ဖို့ လိုအပ်နေတယ်။ UAB ရဲ့ ရုံးချုပ်ကို နေရာရွှေ့ပြောင်းဖို့ စီစဉ်ထားတယ်။ လာမယ့် မေလမှာ စင်ကာပူစတိုင် စီးပွားရေး အထွေထွေ အထပ်မြင့် အဆောက်အဦဖြစ်တဲ့ Times City ကို ရွှေ့ပြောင်းမှာ ဖြစ်ပါတယ်။

အဲဒါက UAB မှာ လုပ်ကိုင်ဖို့ ၂၀၁၇ ခုနှစ်မှာ သူ သဘောတူခဲ့ချိန်မှာ သူက တောင်းဆိုခဲ့တဲ့ အချက်တွေထဲမှ တစ်ခု ဖြစ်ပါတယ်။ “ဒီဘဏ်ကို သန့်ပြန့်သွားအောင် လုပ်ဖို့ အချိန် ငါးနှစ်လိုတယ်လို့ သူတို့ကို ကျွန်တော် ပြောခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲပြီး ကောင်းအောင် လုပ်ပေးဖို့ ခင်ဗျားတို့ ကျွန်တော့ကို ယုံကြည်မှာလား။ ဒါမှ မဟုတ်ရင်တော့ တခြားတစ်ယောက်ယောက်ကို ခင်ဗျားတို့ ရှာပါ” လို့ သူ ပြောခဲ့တယ်။

Loh လုပ်ကိုင်ဖို့ လမ်းပွင့်သွားပြီး UAB ကို အစကနေပြန်စခဲ့ကြတယ်။ လှုပ်ရှားတက်ကြွတဲ့ ပုံရိပ်အသစ်၊ လိုဂို အသစ်၊ အချက်ပြလက္ခဏာအသစ်တွေနဲ့ ပြန်လည် စတင်ခဲ့တယ်။ ဘဏ်ခွဲ ၇၈ ခုကိုလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်တယ်။ ဝန်ထမ်းတွေအတွက် တူညီဝတ်စုံတွေ ပြောင်းလဲတယ်။ အွန်လိုင်းပေါ်မှာ အသစ်တစ်ဖန်နေရာပြန်ယူတယ်။ UAB ကို အသွင်သစ် ယူစေတယ်။

UAB ရဲ့ နောက်ထပ် ဆန်းတီထွင်မှုတစ်ခုကတော့ ချမ်းသာကြွယ်ဝတဲ့သူတွေအတွက် ပုဂ္ဂလိကဘဏ်လုပ်ငန်း ဝန်ဆောင်မှု ပေးအပ်ခြင်း ဖြစ်ပါတယ်။ အခုလို ပြောင်းလဲမှုတွေကို ၁၈ လအတွင်း လုပ်ကိုင်ခဲ့တာမို့ လုပ်တာကိုင်တာ ဖင့်နွဲ့တဲ့အပြင် အချိန်တွေ လေလွင့်တဲ့ မြန်မာစံအရကြည့်ရင် မြန်ဆန်တယ်လို့ ဆိုနိုင်ပါတယ်။

Loh က မြန်မာနိုင်ငံကို ၂၀၁၇ ဧပြီၤလမှာ ပထမဆုံးအကြိမ် ရောက်ဖူးခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက မလေးရှားဘဏ်လုပ်ငန်း RHB ရဲ့ စီးပွားရေးကိစ္စနဲ့ ရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီခရီးစဉ်မှာ UAB ရဲ့ ဥက္ကဋ္ဌ ဦးနေအောင်နဲ့ ဆုံတွေ့ခဲ့တယ်။

“ကျွန်တော်တို့ ပြောဆိုနေတာ စကားက တခြားရောက်သွားတယ်။ နောက်တော့ သူက ခင်ဗျား တစ်ချက်ဝင်လုပ်ကြည့်ပါလား။ ကျွန်တော်တို့ စီအီးအို လိုနေတယ်”

စစချင်းမှာ Loh မှာ သံသယတွေ ရှိနေတယ်။ “ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မလုပ်ချင်ဘူးလို့ ပြောလိုက်တယ်။
ပြောဆိုနေကြတာတွေ ယုံမှားသံသယတွေအားလုံးကို ကျွန်တော် သိနေတယ်”
ဒါပေမဲ့ သူ စိတ်အားထက်သန်မှု ရှိနေတယ်။ UAB ကို ပြုပြင်ပြောင်းလဲတာဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်နိုင်ဖွယ် တစ်ခုဆိုတာ သေချာနေတယ်။ ဒီတော့ ဆွေးနွေးဖို့ သူ သဘောတူလိုက်တယ်။
“သူက နောက်ကြောင်း ပြန်လိုက်ကြည့်တယ်။ ဘာပြဿနာမှ မရှိဘူး။ ဒီတော့ လုပ်ဖို့ သဘောတူလိုက်တယ်။ ဒါပေမဲ့ သူ တောင်းဆိုတဲ့ အချက်တွေတော့ ရှိနေတယ်ဆိုတာ အဖြေပေးလိုက်တယ်။
.
Loh က သူလိုချင်တဲ့ တောင်းဆိုချက်တွေကို ချပြတယ်။ အဓိကကျတဲ့ အချက်က UAB မှာ အစုရှယ်ယာ ၉၀% ပိုင်ဆိုင်ထားတဲ့ ဦးနေအောင်က လက်ရှိ အလုပ်အမှုဆောင်အရာရှိချုပ် နေရာကနေ ဆင်းပေးဖို့ ဖြစ်ပါတယ်။ အဲဒါက ကြီးမားတဲ့ အတားအဆီး ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတက်လာပြီး ပြုပြင်ပြောင်းလဲမှုတွေ ၂၀၁၁ ခုနှစ်မှာ အစပြုခဲ့တယ်။ ခရိုနီတွေ စစ်ခေါင်းဆောင်တွေက အရပ်သား လုပ်ငန်းရှင်တွေအဖြစ် အသွင်ပြောင်းထားကြတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဘဏ်အသစ်အားလုံးနီးပါး UAB အပါအဝင် စစ်အစိုးရ အုပ်ချုပ်နေတဲ့ကာလမှာ လုပ်ကိုင်ခွင့် ရရှိခဲ့ကြတာ ဖြစ်တယ်။ ဘဏ် ပိုင်ဆိုင်လုပ်ကိုင်တာဟာ လေးစားစရာ အမှတ်အသားတံဆိပ်တစ်ခုသဖွယ် ဖြစ်နေခဲ့တယ်။ ပြီးတော့ ငွေကြေးအင်အား ရင်းမြစ်တစ်ခုလည်း ဖြစ်နေတယ်။

Loh တောင်းဆိုတဲ့အချက်အရ ဦးနေအောင်က ဘဏ်ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေလို့ ရပေမဲ့ အလုပ်အမှုဆောင်အရာရှိချုပ် ရာထူးတာဝန်ကိုတော့ စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သူ့မှာ ရထားတဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာ အကုန်လုံးကိုပါ တစ်ပါတည်း စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။ ဦးနေအောင်နဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့က သဘောတူတယ်။ ဦးနေအောင်ရဲ့ ဇနီးဖြစ်ပြီး သြဇာရှိတဲ့ ဒေါ်ခင်မိုးညွန့်ကလည်း သဘောတူတယ်။ သူက ဘဏ်ရဲ့ အစုရှယ်ယာ ၁၀% ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အလုပ်အမှုဆောင်အဖြစ်မှ နုတ်ထွက်ပေးခဲ့တယ်။

ဘဏ်ရဲ့ စီမံခန့်ခွဲမှုကို ထောင့်စုံမှာ ပြုပြင်ပြောင်းလဲတယ်။ UAB ကို အောင်မိသားစု ပိုင်ဆိုင်တဲ့ IGE Group ထဲမှ ခွဲထုတ်လိုက်တယ်။ IGE Group က မြန်မာနိုင်ငံမှာ အကြီးမားဆုံး လုပ်ငန်းစုကြီးတွေမှာ တစ်ခုအပါအဝင် ဖြစ်ပြီး ဆန်ရောင်းဝယ်ရေး၊ ရေနံနှင့် ဓာတ်ငွေ့၊ သစ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း စတာတွေကို အဓိကအားဖြင့် လုပ်ကိုင်နေတယ်။ အမြင်လှအောင် ခွဲထုတ်ပြတာလည်း ဖြစ်မယ်။ UAB ကို အောင်မိသားစုက ပိုင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သီးခြားရပ်တည်လိုက်တဲ့သဘော ဖြစ်ပါတယ်။

အောင်မိသားစုရဲ့ နောက်ကြောင်းမှာ မကောင်းသတင်းတွေ ထွက်ပေါ်ခဲ့ဖူးတာမို့ နိုင်ငံတကာအမြင်မှာလည်း မျက်နှာပန်း မလှနိုင်ဘူး။ အဲဒီအချက်တွေက UAB အတွက် ပြဿနာတက်နေစေတယ်။ ၂၀၁၄ ခုနှစ်မှာ ဘဏ်ပြိုမယ့်အရေးကို ဖြစ်ပေါ်စေခဲ့တယ်။ ဦးနေအောင်ရဲ့ ဖခင်ဖြစ်သူ စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်းကို အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ပင်မှုပြုကြောင်း ထုတ်ပြန်ကြေညာခဲ့လို့ စိုးရိမ်မကင်း ဖြစ်ကြသူတွေ ဘဏ်မှာ ငွေတွေ ပြန်ထုတ်ယူကြတဲ့အဖြစ်ကို ကြုံခဲ့ရတယ်။ UAB က ဦးအောင်သောင်းနဲ့ ဘာမှ မပတ်သက်ကြောင်း ထုတ်ပြန်ပြောကြားခဲ့တယ်။ ဗဟိုဘဏ်ကလည်း တိုင်းပြည်ရဲ့ ဘဏ်စနစ်ကို ထောက်ကူဖို့ တာဝန်ရှိတာမို့ UAB ကို ကျောထောက်နောက်ခံ ပြုပေးကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်။ UAB တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်ခဲ့ပေမဲ့ အဲဒီအဖြစ်အပျက်က ကသောင်းကနင်းတွေ ဘယ်လို ဖြစ်သွားနိုင်သလဲဆိုတာကို ပြသတယ်။

အခြေခံ ရုံးလုပ်ထုံးလုပ်နည်းတွေကို သန့်ပြန့်အောင် လုပ်ရတာဟာ သူထင်ထားတာထက် ခေါင်းပိုကိုက်တာ Loh တွေ့ကြုံရတယ်။ ဘဏ်ရဲ့ ယာဉ်မောင်းတွေကြားမှာ ကားရေဆေးတာနဲ့ ဓာတ်ဆီကိစ္စတို့မှာ မသမာမှုတွေ ရှိနေတာ ပေါ်သွားပြီး အရေးယူဆောင်ရွက်တဲ့အခါ ယာဉ်မောင်းတွေက ဆန့်ကျင်ဆန္ဒပြကြတာကို ကြုံရတယ်။

“ကျွန်တော်တို့က ဘဏ်လုပ်ငန်းတစ်ခု ဖြစ်ပြီး စည်ကမ်း နံပါတ်(၁)က ဘဏ်ကနေ ဘယ်သူကမှ တစ်ကျပ်တောင် မယူရဘူး” လို့ Loh က ပြောကြားခဲ့တယ်။
“ပထမ ၆ လက သန့်ပြန့်အောင် လုပ်တာ။ စိတ်ဝင်စားစရာကောင်းတဲ့ ခရီးတစ်ခုပဲ။ မကျေမနပ် ပြောဆိုတာတွေ၊ ကန့်ကွက်တာတွေ ရှိနေတယ်။ လူအများအပြားကို သွန်သင်ရတယ်”
အခုလို သန့်ပြန့်အောင် လုပ်တဲ့အတွက် ဘဏ်မှာ သူ့ကို လူကြိုက်များ မလာဘဲ နောက်ပြန်လန်ကျအောင် ပြန်တွန်းတာတွေ ရှိနေခဲ့တယ်။

“ပထမ ၆ လက အတော် ဆိုးဝါးခဲ့တယ်။ ယခင် စီအီးအိုအဟောင်းနဲ့ အကြီးတန်းအရာရှိတွေက ဆန့်ကျင်ကြတယ်။ သူတို့က ဒါရိုက်တာဘုတ်အဖွဲ့ထံမှာ ကျွန်တော့ကို မကျေမနပ်ဖြင့် တိုင်တန်းကြတယ်။ လူတွေအတော်များများက ကျွန်တော့ကို သာသာလုပ်ပါ၊ ဖြည်းဖြည်းလုပ်ပါ ဒါမြန်မာပြည်လို့ ပြောကြတယ်။ ကျွန်တော်က ပြန်ပြောတယ်။ ဟင့်အင်း။ နှေးသွားအောင်လုပ်ဖို့ ကျွန်တော် ဒီမှာ လာလုပ်နေတာ မဟုတ်ဘူး။ မီးထိုးပေးဖို့ ကျွန်တော် ဒီမှာ လာလုပ်တာ”

တစ်နှစ်ကြာပြီးချိန်မှာတော့ မကျေနပ်တာတွေ၊ ဆန့်ကျင်ကန့်ကွက်တာတွေကို နိုင်နိုင်နင်းနင်း ထိန်းထားလို့ ရသွားပြီ။

“ကျွန်တော် တာဝန်ကို လက်လွှဲယူတော့ RoE [return on equity] က အနုတ်ပြနေတယ်။ အနုတ် သုညဒသမ ၃၄ ရှိတယ်။ အခု အနုတ်မပြတော့ဘူး။ ၇% ဖြစ်နေပြီ”

ပွဲဦးထွက်မှာ သူကိုင်တွယ်ရတဲ့ ပြဿနာက အတိုးနှုန်းမာဂျင်တွေ နည်းနေတာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ရဲ့ အသားတင် အတိုးမာဂျင်က ၂% အောက်မှာ ဖြစ်နေတယ်။ ဒီလိုနိုင်ငံမျိုးမှာ အသားတင် အတိုးမာဂျင်က ၅% ကနေ ၇% အထိ ရှိဖို့ လိုအပ်တယ်”
UAB မှာ နောက်ထပ် ပြုပြင်ပြောင်းလဲမှုက တခြားနိုင်ငံတွေမှာ ပြုနေကျဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ အတော်ရှားတယ်။ ရလဒ်တွေနဲ့ နှစ်ပတ်လည်အစီရင်ခံစာတို့ကို လူသိရှင်ကြား ထုတ်ပြန်ပေးတယ်။ UAB မှ ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာဟာ Asean ရဲ့ ကော်ပိုရိတ် အုပ်ထိန်းမှု လိုအပ်ချက်များ စံနဲ့ ကိုက်ညီတယ်။

“ကျွန်တော် အရမ်းတင်းကျပ်တယ်။ ကျွန်တော်တို့ ကိန်းဂဏန်းတွေကို မဟုတ်မဟပ် မလုပ်ဘူး။ စာရင်းတွေက သန့်ပြန့်တယ်”
UAB ကို Loh စတင်ဝင်ရောက်လုပ်ကိုင်ချိန်မှာ ကြွေးဆပ်ဖို့ ပျက်ကွက်နေတာတွေက ၃ ဒသမ ၆ ရာခိုင်နှုန်း ရှိတယ်လို့ ဗဟိုဘဏ်ကို အစီရင်ခံထားတယ်။ 

တကယ်တော့ ၁၃% လောက် ရှိနေကြောင်း ဘဏ်အတွင်းလူက ပြောပြခဲ့တယ်။ “အခု အဲဒါက ၄ ဒသမ ၈ ရာခိုင်နှုန်းလောက် ရှိတယ်”
၂၁၀၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ ၆လတာမှာ UAB က အခွန် ထမ်းဆောင်ပြီးချိန်မှာ အမြတ်အစွန်း ကျပ် ငါး ဒသမ ရှစ်ဘီလျံ ရရှိခဲ့တယ်။ ယခင်နှစ် အဲဒီလပိုင်းမှာ အရှုံးပြနေခဲ့တယ်။

၁၈ လတာ အခက်အခဲတွေ ဖြတ်သန်းပြီးချိန်မှာ Loh အနေဖြင့် လုပ်စရာတွေ ရှိနေသေးတယ်။ ဒါပေမဲ့ အရင်ကနဲ့ မတူတော့တာက ဒါရိုက်တာအဖွဲ့နဲ့ ဝန်ထမ်းတွေရဲ့ ယုံကြည်မှုကို သူ ရရှိထားတယ်လို့ သူယုံကြည်တာ ဖြစ်ပါတယ်။

euromoney

Banking & Loan Read 1161 times