မြန်မာ့ပိုးထည်နဲ့ အော်ဂဲနစ်ချည်ထည် ထုတ်လုပ်ရေးအတွက် ဗြိတိန်(UK) မှ ရင်းနီးမြှုပ်နှံမယ်


29 March, 2019

မြန်မာ့ပိုးထည်လုပ်ငန်းနဲ့ အော်ဂဲနစ်ချည်ထည် ထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် ယူကေအစိုးရမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ သန်း ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။

လာမယ့်နှစ်မှာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်သွားမှာဖြစ်ပြီး ချင်းပြည်နယ်ရှိ အမျိုးသမီးတောင်သူတွေနဲ့အတူ ဦးဆောင်လုပ်ကိုင်သွားမှာဖြစ်တဲ့အတွက် ချင်းပြည်နယ်ရှိ တောင်သူလယ်သမားများနဲ့ ရန်ကုန်မြို့ရှိ ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူများအတွက် ရေရှည်ခိုင်မြဲတဲ့ အလုပ်အကိုင်များ ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

ဒီရင်းနှီးမြှုပ်နှံမှုကို မြန်မာနိုင်ငံရှိ Pragma Ventures Myanmar ကုမ္ပဏီ၊ ဂျာမဏီအခြေစိုက် Pure Sense Organics Ltd နဲ့ ယူကေနိုင်ငံတကာဖွံ့ဖြိုးရေးဌာန (DFID) ရဲ့ လုပ်ငန်းအစီအစဉ် တစ်စုဖြစ်တဲ့ Dana Facility တို့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။

ထိုမှတစ်ဆင့် စီးပွါးရေးအရ အောင်မြင်တဲ့ ပိုးထည်ထုတ်လုပ်ရေးလုပ်ငန်းမှ အရည်အသွေးမြင့် ပိုးထည်ကုန်အမှတ်တံဆိပ်များကို ဥရောပ၊ မြောက်အမေရိကနဲ့ သြစတေးလျရှိ အိမ်အလှဆင်ဈေးကွက်ကို တင်ပို့ရောင်းချသွားမှာဖြစ်ပါတယ်။

ယူကေနိုင်ငံတကာဖွံ့ဖြိုးရေးဌာန (DFID) မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Dr. GrilMazetti က ချည်ထည်လုပ်ငန်းဆိုတာ မြန်မာနိုင်ငံအတွက် စီးပွါးရေးကဏ္ဍအသစ်တစ်ရပ် မဟုတ်ပေမယ့် အခွင့်အလမ်းကောင်းတွေ အများကြီးရှိပါတယ်။

အရင်ကတည်းကလည်း သေသပ်ပြီး အရည်အသွေးမြင့်တဲ့ အထည်အလိပ်တွေကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ နာဂဒေသ အစရှိသဖြင့် နိုင်ငံတစ်ဝန်းမှာ ထုတ်လုပ်နေတာကြောင့် အထည်အလိပ်ထုတ်လုပ်မှု အရည်အသွေးကို တိုးတက်အောင် လုပ်ဆောင်ဖို့လိုအပ်ပါတယ်။

ဒါ့ပြင် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်မှာ ပါဝင်နေတဲ့ တောင်သူတွေရဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ခြင်းအားဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းတွေပါ ဝင်ငွေတိုးလာနိုင်မှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

MYANTRADE

Investment/Divestment Read 1249 times