၂၇ ကြိမ်မြောက် နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ နှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲ


23 May, 2019

(၂၇) ကြိမ်မြောက်အဖြစ် ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သောပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကဏ္ဍလုပ်ငန်းရှင်များ၏ လစဉ်ပုံမှန် အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ မွေးမြူရေးလုပ်ငန်းကဏ္ဍ၊ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းကဏ္ဍနှင့် မိုဘိုင်းလုပ်ငန်းကဏ္ဍတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ

တနင်္သာရီတိုင်းဒေသကြီး ကုန်သည်စက်မှုအသင်း ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က တင်ပြပါသည်။

၁။ စက်မှုလက်မှုလုပ်ငန်းများသည် ထားဝယ်မြို့ပေါ် ရပ်ကွက်များတွင် တည်ရှိကာ ရပ်ကွက်နေပြည်သူများအတွက် အသံဆူညံခြင်း၊ အနံ့ဆိုးများထွက်ခြင်းတို့ကြောင့် နေရာပြောင်းရွှေ့ရန် ကြုံတွေ့နေရသဖြင့် နေရာတစ်ခု သတ်မှတ်၍ ထားဝယ်စက်မှုဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်။

၂။ ထားဝယ်တွင် ကုန်တင်ကုန်ချပြုလုပ်နိုင်သော ဂျက်တီများသာရှိကြောင်း၊ ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၄ နာရီ ကုန်တင်၊ ကုန်ချပြုလုပ်နိုင်သော ဆိပ်ကမ်းမရှိ၍ ကုန်ဈေးနှုန်းကြီးမြင့်နေမှုကို ဖြေရှင်းနိုင်ရန်နှင့် ထားဝယ်ဒေသထွက်ကုန်များကို ပြည်မ၊ နီးစပ်ရာနိုင်ငံများသို့ တင်ပို့နိုင်ရန်အတွက် ပင်လယ်ထွက်ပေါက်ရှိသော ဆိပ်ကမ်းငယ်တစ်ခု စီစဉ်ဆောင်ရွက်ပေးရန်။

မွေးမြူရေးလုပ်ငန်းကဏ္ဍ

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမြဟန် တင်ပြပါသည်။

၁။ ကြက်၊ ဝက်၊ နွား မွေးမြူရေးလုပ်ကိုင်သူများသည် ခေတ်မီတိုးတက်လာသော နည်းစနစ်များနှင့်အညီ မွေးမြူရေး ထုတ်ကုန်များ ပိုမိုရရှိရေးအတွက် အဆောက်အဦနှင့် စက်ကိရိယာများကို အရင်းအနှီးကြီးမားစွာ လုပ်ကိုင်နေရကြောင်း။

၂။ မွေးမြူရေးလုပ်ကိုင်သည့်မြေများအား အခြားနည်းသုံးစွဲခွင့် တင်ပြရာတွင် နှစ်နှင့်ချီ၍ ခွင့်ပြုချက်မရှိပဲ ကြီးမားသောဒဏ်ကြေးငွေကို ပေးဆောင်နေရသဖြင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေရသူများအဖို့ ငွေကြေး အခက်အခဲများ ကြုံတွေ့နေရ၍ မွေးမြူရေးထွက်ကုန်များ ပိုမိုထွက်ရှိရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် အာမခံချက်ရှိသော လယ်ယာမြေများအား အခြားနည်းဖြင့်သုံးစွဲခွင့်ကို အချိန်ကာလတိုအတွင်း ခွင့်ပြုပေးရန်။

၂။ ခွင့်ပြုချက်မရသေးမီ မွေးမြူရေးလုပ်ကိုင်သည့် ခြံများအား ဒဏ်ကြေးသတ်မှတ်ခြင်းကို ငါးမွေးမြူရေးကန်များ နည်းတူ သင့်တင့်မျှတသော ဒဏ်ကြေးငွေဖြင့်သာ တပြေးညီ ပေးဆောင်စေရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အစိုးရအဖွဲ့မှ ညှိနှိုင်းဆောင်ရွက်ပေးပါရန်။

သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းကဏ္ဍ

မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေး တင်ပြပါသည်။

၁။ ပြည်တွင်းသကြားများသည် အထွက်နှုန်းတိုး၍ လတ်တလောတွင် ဝယ်လက်မရှိ၍ စုပုံနေခြင်း၊ သကြားများ ဈေးနှုန်းကျဆင်းခြင်း၊ ရောင်းချမှုခက်ခဲခြင်း၊ လက်ကျန်သကြားများမှာ ထားစရာဂိုထောင်မရှိခြင်း၊ သကြားများ စုပုံနေသဖြင့် ငွေကြေးလည်ပတ်မှု အခက်အခဲဖြစ်ခြင်း၊ ကြံစိုက်တောင်သူများအား စိုက်ပျိုးစရိတ် ထုတ်ပေးရန် ခက်ခဲခြင်းတို့ဖြင့် ရင်ဆိုင်နေရကြောင်း။

၂။ မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်ကုန် (GDP) ပမာဏ တိုးတက်ရန်၊ ကြံစိုက်တောင်သူများ၏ ဘဝတိုးတက် မြင့်မားစေရန်၊ SME လုပ်ငန်းများ ရေရှည်ရှင်သန်စေရန်နှင့် ပိုလျှံသကြားများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ရန် ဈေးကွက်ရရှိစေရေးအတွက် ဆောင်ရွက်ပေးရန်။

၃။ မြဝတီနယ်စပ်မှ သကြားမှောင်ခိုဈေးကွက်များ ရှိနေခြင်းနှင့် ပြည်ပမှ Export/Import လိုင်စင်ဖြင့် သကြား တင်သွင်းမှု အဝင်များလာလျှင် ပြည်တွင်းဈေးကွက်အား ထိခိုက်နိုင်သဖြင့် စီစစ်ဆောင်ရွက်ပေးရန်။

၄။ ဘေးထွက်ပစ္စည်းများဖြစ်သော ကြံဖက်မှ လျှပ်စစ်ထုတ်၍ ရကြောင်းနှင့် သကြားစက်ရုံများမှ ထွက်ရှိလာသော တင်လဲရည်ကို အီသနောထုတ်လုပ်ပြီး ပြည်ပမှ တင်သွင်းသည့်လောင်စာဖြင့် ရောစပ်ခြင်းဖြင့် လောင်စာစွမ်းအင် ထုတ်နိုင်ကြောင်း။

၅။ ထို့ကြောင့် နိုင်ငံတကာကဲ့သို့ ပြည်ပမှ တင်သွင်းလာသော ဓာတ်ဆီကို အီသနော (၁၀%) ရောစပ်၍ အသုံးပြုရသည့် မူဝါဒချမှတ်၍ သကြားစက်ရုံများအတွက် ဘေးထွက်ပစ္စည်းဖြစ်သော Molasses ပြဿနာ ဖြေရှင်းဆောင်ရွက်လျက်ရှိသဖြင့် မြန်မာနိုင်ငံတွင်လည်း ဘေးထွက်ပစ္စည်းများကို Value Added ပြုလုပ်၍ ထုတ်လုပ်ရန် အဆိုပါမူဝါဒမျိုးချမှတ်ပေး၍ ရေရှည်အတွက် ဆောင်ရွက်ပေးရန်။

၆။ သကြားလုပ်ငန်းရေရှည်အောင်မြင်ရန်အတွက် ယှဉ်ပြိုင်မှုစွမ်းရည် တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် စက်ပစ္စည်းများတွင်လည်း နည်းပညာတိုးတက်ရန် လိုအပ်လာသဖြင့် ပြည်တွင်း စားသုံးသော Refine Sugar ကို ထုတ်လုပ်နိုင်မည့်စက်များ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ ချေးငွေများ ထုတ်ပေးခြင်း (သို့) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ပေးခြင်းတို့ဖြင့် ကူညီဆောင်ရွက်ပေးရန်။

မိုဘိုင်းလုပ်ငန်းကဏ္ဍ

မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်ဆန်းဦး တင်ပြပါသည်။

၁။ မိုဘိုင်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းစဉ် စနစ်တကျ စိစစ်ကောက်ခံ၍ မိုဘိုင်းဟန်းဆက် အပေါ်တွင် ကုန်သွယ်ခွန်၊ အကောက်ခွန်နှင့် အခြားအခွန်အရပ်ရပ် ပေးဆောင်ပြီးကြောင်း အမှတ်အသား ကပ်ခြင်းကို ဆောင်ရွက်ပေးရန်။

၂။ မိုဘိုင်းဟန်းဆက် တင်သွင်းစဉ်ကပင် ကုန်သွယ်ခွန်ကို စနစ်တကျ ကောက်ခံခြင်းကို ဆောင်ရွက်ခဲ့မည် ဆိုပါက လက်လီအရောင်းဆိုင်များတွင် ၅% ထပ်မံကောက်ခံရန် လိုအပ်တော့မည်မဟုတ်သဖြင့် အရောင်းပြေစာအပေါ်တွင် အခွန်အမှတ်တံဆိပ် ၅% အား ၁% သို့ လျှော့ချကောက်ခံပေးရန်။

၃။ မိုဘိုင်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ အရောင်းပြေစာအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချ စေရေးကိစ္စ၏ လုပ်ထုံးလုပ်နည်းများအား ပြန်လည်စီစစ် သုံးသပ်ပေးရန်။

UMFCCI

Local News Read 334 times