အောက်ခြေလူတန်းစားများအတွက် အရေးပါနေဆဲဖြစ်သော တရားမဝင် ငွေချေးလုပ်ငန်းများ


29 June, 2018

ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်တွင် လုပ်ငန်းလိုင်စင်ရယူထားခြင်းမရှိသည့် တရားမဝင် ငွေချေးလုပ်ငန်းများသည် အောက်ခြေ လူတန်းစားအတွက် အရေးပါနေဆဲဖြစ်ကြောင်း ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ထုတ်ပြန်ခဲ့သည့် သုတေသနအစီရင်ခံစာက ဆိုသည်။

ဘဏ်နှင့် ဘဏ်မဟုတ်သည့် အခြားတရားဝင်ငွေကြေးအဖွဲ့စည်းထက် အတိုးနှုန်းများသော်လည်း တရားမဝင်ငွေချေးလုပ်ငန်းများသည် ဟန်မပျက် အားကောင်းနေဆဲဖြစ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အရင်းအနှီးရန်ပုံငွေအဖွဲ့ (United Nations Capital Development Fund UNCDF)၊ DaNa Facility နှင့် UK AID တို့ ပူးပေါင်းကောက်ယူခဲ့သည့် သုတေသနစစ်တမ်းက သိရပါသည်။

အဆိုပါအဖွဲ့အစည်းများပူးပေါင်းကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်ပေါင်း ၂၉ မြို့နယ်ရှိ အိမ်ထောင်စုပေါင်း ၅,ဝဝဝ ကျော်ကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ကွင်းဆင်းလေ့လာမှု တွေ့ရှိချက်များကို ယခုလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါစစ်တမ်းအရ ပြီးခဲ့သည့် ငါးနှစ်အတွင်း ဘဏ္ဍာရေးဝန်ဆောင်မှု လက်လှမ်းမီလာသည့် အရွယ်ရောက်ပြီးသူဦးရေ သိသိသာသာတိုးတက်လာသော်လည်း ပြည်သူများ၏ ဘဏ္ဍာရေးအခက်အခဲအတွက် တရားမဝင်ငွေချေးလုပ်ငန်းများသည် အဓိကမှီခိုအားထားရာတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

၂ဝ၁၃ ခုနှစ်က ကောက်ယူခဲ့သည့် စစ်တမ်းအရ အရွယ်ရောက်ပြီးသူ ၅ဝ ရာခိုင်နှုန်းသည် တရားဝင်မဟုတ်သော ငွေချေးလုပ်ငန်းများကို မှီခိုနေရသကဲ့သို့ ငါးနှစ်အကြာ ထပ်မံကောက်ယူခဲ့သည့် ယခုစစ်တမ်းအရလည်း ထိုပမာဏအတိုင်းပင် တရားမဝင်ချေးငွေများကို မှီခိုနေရဆဲဖြစ်သည်။

ထိုသို့ဖြစ်နေရခြင်းအကြောင်းမှာ တရားဝင်ငွေရေးကြေးရေးအဖွဲ့အစည်းများက ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့ခဲ့သော်လည်း အောက်ခြေရှိ ပြည်သူလူထုက တရားမဝင်ငွေချေးလုပ်ငန်းများကို မှီခိုနေရမှု လျော့ကျသွားအောင် မဖြည့်ဆည်းပေးနိုင်သောကြောင့်ဖြစ်သည်။

အဓိကအကြောင်းရင်းအားဖြင့် တရားဝင်ဘဏ္ဍာရေးလုပ်ငန်းများသည် ကျေးလက်အရောက်ဝန်ဆောင်မှု မဖြန့်ကြက်နိုင်သေးခြင်း၊ လိုအပ်သည့်ပမာဏကို ထုတ်ချေးနိုင်မှု မရှိသေးခြင်း၊ အရေးအပေါ်အခြေအနေတွင် ထုတ်ချေးနိုင်မှုမရှိခြင်းများကြောင့်ဖြစ်သည်ဟု သိရပါသည်။

ကျန်းမာရေးအရ အရေးပေါ်ဆေးရုံသွားရမည့် အချိန်မျိုး၌ တရားမဝင်ငွေချေးလုပ်ငန်းများကို အားကိုးဖြေရှင်းနေရကြောင်း သမဝါယမချေးငွေခံစားလျက်ရှိသည့် သမဝါယမငွေချေး အသင်းဝင်တစ်ဦးက ပြောခဲ့ပါသည်။

တရားမဝင်ငွေချေးလုပ်ငန်းများကို ပြည်သူများမှီခိုနေရမှု လျော့နည်းလာစေရေးအတွက် ပြည်တွင်းရှိ အသေးစား ငွေချေးလုပ်ငန်းများ (Microfinance InstitutionMFIs) ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးရမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်နိုင်က ပြောသည်။

''၂ဝ၁၃ တုန်းကလည်း (တရားမဝင်ငွေချေးလုပ်ငန်းကို မှီခိုသူဦးရေ) ၅ဝ ရာခိုင်နှုန်း တွေ့ရတယ်။ အခုလည်း ၅ဝ ရာခိုင်နှုန်းပဲတွေ့ရတဲ့အတွက်ကြောင့် တရားမဝင်တဲ့လုပ်ငန်းတွေကို တရားဝင်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရမယ်''ဟု ၎င်းက ပြောခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အသေးစားဘဏ္ဍာရေး ဝန်ဆောင်မှုနယ်ပယ်တွင် အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်သည့်အဖွဲ့အစည်းပေါင်း ၁၇၆ ခုရှိပြီး ပြည်တွင်းအဖွဲ့အစည်းက ၁ဝ၁ ခု၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်း ၂၆ ခုနှင့် ကျန်သည့်အဖွဲ့များမှာ အစုစပ်လုပ်ငန်းများ ဖြစ်သည်။

အဆိုပါငွေချေးလုပ်ငန်းများ၏ မတည်ရင်းနှီးငွေသည် အမေရိကန်ဒေါ်လာ သန်း ၄၂ဝ ခန့်ရှိပြီး ဝန်ဆောင်မှုကို အသုံးပြုသူပေါင်း ၂ ဒသမ ၇ သန်းရှိသည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ၂ဝ၁၇ ခုနှစ် အစီရင်ခံစာက ဆိုသည်။

''ပြည်တွင်းက အသေးစားငွေချေးလုပ်ငန်းတွေ တိုးတက်အောင် ဆောင်ရွက်ရမယ်။ သူတို့အတွက် ဘဏ္ဍာငွေရရှိဖို့ အရေးကြီးတယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေတိုးတက်ရေး Financial Roadmap မှာ ထည့်သွင်းရမှာ ဖြစ်တယ်''ဟု ဦးဇော်နိုင်က ပြောသည်။

သို့သော်လည်း တရားဝင်ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများအတွက် သတ်မှတ်ထားသော မတည်ငွေ ပမာဏကိုမူ ပြောင်းလဲသွားရန် မရှိကြောင်း ၎င်းက ပြောသည်။

ယခင်က အပ်ငွေလက်မခံသော အသေးစားဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများအတွက် မတည်ငွေရင်းကို ကျပ် ၁ဝ သန်း သတ်မှတ်ထားသော်လည်း ၂ဝ၁၆ ခုနှစ်တွင် ကျပ်သန်း ၁ဝဝ အထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။ အသေးစားဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသူများသည် ကနဦးကုမ္ပဏီထူထောင်ခွင့်ရရှိရန် ကြိုးစားရမည်ဖြစ်ပြီး ရရှိပါကလည်း ကျပ်သန်း ၁ဝဝ မတည်နိုင်မှသာ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

တရားမဝင် ငွေတိုးချေးလုပ်ငန်းများ တရားဝင်ဖြစ်လာစေရန် ဆောင်ရွက်မည်ဆိုသော်လည်း မတည်ငွေပမာဏက အတားအဆီးဖြစ်စေနိုင်ကြောင်း ပျဉ်းမနားမြို့က အမည်မဖော်လိုသည့် ငွေတိုးချေးသူတစ်ဦးက ပြောသည်။

''ကျွန်တော်တို့ ပေးနေတယ်ဆိုတာ အားလုံးပေါင်းလို့ သိန်း ၁ဝဝ မပြည့်ပါဘူး။ အဖေက ပင်စင်ယူတော့ ရတဲ့လုပ်သက်ဆုကြေးရယ်၊ စုထားဆောင်းထားတာလေးတွေရယ်နဲ့ ပေးနေတာပါ။ သိန်း ၁,ဝဝဝ ရှိမှဆိုတော့ ဘယ်လိုလုပ်ဖြစ်နိုင်တော့မလဲ''ဟု ၎င်းက ပြောသည်။

ဥပဒေအကာအကွယ်မရသည့်အတွက် ရပ်ကွက်နှင့် ကျေးရွာတိုင်းနီးပါးရှိ နီးစပ်ရာ ငွေတိုးချေးသူများ (တရားမဝင် ငွေးချေးလုပ်ငန်းများ) သည် နစ်နာဆုံးရှုံးမှုများလည်း ကြုံတွေ့နေရသည်။

တရားဝင်လုပ်ကိုင်နေသော အသေးစား ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ၏ အတိုးနှုန်းကို တစ်နှစ်အတွက် ၃ဝ ရာခိုင်နှုန်းထက်မပိုရန် သတ်မှတ်ထားသောကြောင့် တစ်လလျှင် ၂ ရာခိုင်နှုန်း၊ ၁ ဒသမ ၅ ရာခိုင်နှုန်း စသည်ဖြင့် ရယူကာ ဆောင်ရွက်လျက်ရှိသည်။

တရားမဝင် ငွေတိုးချေးလုပ်ငန်းများမှာမူ တစ်သမတ်တည်းမရှိဘဲ သက်သေခံပစ္စည်း ရယူခြင်းမရှိသောကြောင့် အနည်းဆုံး ၄ ရာခိုင်နှုန်းနှင့် အများဆုံး ၁ဝ ရာခိုင်နှုန်းအထိ ယူလေ့ရှိသည်။

''ဒီခေတ်မှာ ၁ဝ ထက်များရင် ဘယ်သူမှ မယူတော့ဘူး။ ငါးကျပ်၊ ခုနစ်ကျပ်လောက်နဲ့ပေးတာများတယ်။ လေးကျပ်ဆိုတာကတော့ ဆွေမျိုးတွေလောက်ပဲပေးတယ်''ဟု အထက်ပါ အမည်မဖော်လိုသည့် ငွေတိုးချေးသူတစ်ဦးက ပြောသည်။

တရားဝင်လုပ်ငန်းများက အတိုးကို ၂ ရာခိုင်နှုန်းအများဆုံးဖြင့် ထုတ်ချေးနေချိန်တွင် တရားမဝင်လုပ်ငန်းများက အနည်းဆုံး ၄ ရာခိုင်နှုန်းဖြင့် ထုတ်ချေးနေခြင်းဖြစ်သည်။ အခြေအနေအရ တရားမဝင်ငွေတိုးချေး လုပ်ငန်းများသည် ပြည်သူများကို ပို၍ဆင်းရဲတွင်းနက်စေသည်ဆိုသော်လည်း ၎င်းတို့၏အရေးပါမှုက မြင့်မားလျက်ရှိသည်။

 Myanmar Times

Banking & Loan Read 1533 times