တံခါးဖွင့်စီးပွားရေးကျင့်သုံးမှုကြောင့် နည်းပညာကို ခုန်ပျံကျော်လွှား အသုံးပြုနိုင်ခဲ့


26 September, 2018

မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုနှင့် ဒစ်ဂျစ်တယ်နည်းပညာတွင် ဒေသတွင်းနိုင်ငံများထက် နောက်ကျခဲ့သော်လည်း ၂၀၁၂ ခုနှစ်၌ ဆက်သွယ်ရေးနည်းပညာကဏ္ဍအပါအဝင် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် တံခါးဖွင့်စီးပွားမူဝါဒရေးကျင့်သုံးမှုတို့ကြောင့် နည်းပညာကို ခုန်ပျံကျော်လွှား အသုံးပြုနိုင်သည့် အခွင့်အရေးရရှိခဲ့ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံသို့တက်ရောက်ရန် နယူးယောက်မြို့တွင်ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က စက်တင်ဘာ ၂၄ ရက်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် အထွေထွေညီလာခံ၏ side-event အဖြစ် ကျင်းပသော ‘Digitalization People’s Lives: 2030 Agenda in Action’ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဥပမာအားဖြင့် ကြိုးဖုန်းနည်းပညာမှ လက်ကိုင်ဖုန်းကို 3G၊ 4G နည်းပညာတို့ဖြင့် အသုံးပြုလာနိုင်ကြောင်း၊ လွန်ခဲ့သည့်နှစ်အနည်းငယ်က မိုဘိုင်းဖုန်း SIM Card ၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၅၀ဝ ဖြစ်ပြီး ယခုအခါအမေရိကန်ဒေါ်လာ ၁ ဒေါ်လာသာကျသင့်တော့ကြောင်း၊ နည်းပညာဆိုင်ရာ တီထွင်မှုများနှင့် ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲမှုသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက်များကို ပိုမိုလျင်မြန်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်ဈေးကွက်ကို နိုင်ငံများအကြား မညီမျှမှုများကို လျှော့ချနိုင်ရန်အတွက် အသုံးပြုသင့်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မြို့ပြနှင့် ကျေးလက်နည်းပညာကွာဟမှုကို လျှော့ချရန်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂၅ ရက်က မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

 

Global News Investment/Divestment Read 472 times