လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးယာဉ်များဖြင့် ပင်လယ်ဆိပ်ကမ်းမြို့ (၈)နေရာတွင် ဓာတ်အားဖြန့်ဖြူးရန် စီစဉ်နေ


11 May, 2019

ပင်လယ်ဆိပ်ကမ်းမြို့(၈)နေရာမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ယာဉ်တွေနဲ့ သင်္ဘောတွေအထိုင်ချပြီး နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်တွေကို ဖြည့်ဆည်းသွားဖို့ စီစဉ်နေတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦးက ပြောပါတယ်။

မေ(၉)ရက်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ အစိုးရသက်တမ်း တတိယနှစ်(၁)နှစ်တာ ဝန်ကြီးဌာနတွေရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

(၂၀၂၀ ) နွေရာသီမှာ လျှပ်စစ်လိုအပ်ချက်တွေ မဖြစ်ပေါ်စေဖို့ ပုသိမ်၊ သီလဝါ၊ ကျောက်ဖြူစတဲ့ ဆိပ်ကမ်းမြို့ နေရာမျိုးတွေမှာ ပင်လယ်ကနေ ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို လျှပ်စစ်ဓာတ်အားသိုလှောင် ထုတ်လုပ်တဲ့ Power Bus တွေအပေါ်ကနေ ဓာတ်ငွေ့အင်ဂျင်တွေ လည်ပတ်တဲ့နည်းနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ဖို့ စီစဉ်နေတာလို့ သိရပါတယ်။

“လာမယ့် (၂၀၂၀) အမီလုပ်တယ်ဆိုတာက ကျန်တဲ့နည်း မရှိတော့ပါဘူး။ ရေအားလျှပ်စစ်ဆိုတာကလည်း (၇)နှစ် ၊ (၈)နှစ်လုပ်ရပါတယ်။ ဂတ်စ်တာဘိုင်တို့၊ ကျောက်မီးသွေးတို့ဆိုတာကလည်း (၃)နှစ်ဆိုတာ အနည်းဆုံးလုပ်ရပါတယ်။အဲဒီတော့ ဒီပင်လယ်ဆိပ်ကမ်းမြို့လေးတွေမှာ ဂတ်စ်အင်ဂျင်တွေကို Power Bus တွေနဲ့လည်ပြီး လိုင်းခွဲရုံကို ချိတ်ဆက်တဲ့ နည်းနဲ့ အမြန်ဆုံးပေးနိုင်ဖို့ တင်ဒါခေါ်ဖို့ စတင်ဆောင်ရွက်နေပါပြီ”လို့ အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦးက ပြောပါတယ်။

လာမယ့်နှစ် နွေရာသီမတိုင်မီ လျှပ်စစ်ဓာတ်အားဖြန့်ဖြုးနိုင်အောင် ဆောင်ရွက်နေပေမယ့်လည်း ခက်ခဲမှုတွေ ရှိနေသေးတယ်လို့လည်း ပြောပါတယ်။ ဒ့ါအပြင် နှစ်စဉ် မြန်မာနိုင်ငံရဲ့ မြင့်တက်လာတဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ အိမ်နီးချင်း တရုတ်နိုင်ငံကပါ လျှပ်စစ်ဝယ်ယူသွယ်တန်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ (၂၀၁၉) ခုနှစ် နှစ်ကုန်မှာ တစ်နိုင်ငံလုံးရဲ့ (၅၀) ရာခိုင်နှုန်းအထိ လျှပ်စစ်မီးရရှိအောင် ဦးစားပေးဆောင်ရွက်နေပြီး (၂၀၃၀) ပြည့်နှစ်မှာတော့ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးသုံးစွဲနိုင်အောင် စီမံကိန်းရေးဆွဲ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Myanmar Seamen Union

Local News Read 587 times