အွန်လိုင်းမှတစ်ဆင့် မှတ်ပုံပြန်မတင်သည့်ကုမ္ပဏီ ၁၃,၀၀၀ ကျော်ကို ကုမ္ပဏီစာရင်း ပယ်ဖျက်


08 February, 2019

ပြန်လည်မှတ်ပုံမတင်သည့် ကုမ္ပဏီ ၁၃,၀၀၀ ကျော်ကို ကုမ္ပဏီစာရင်းမှ ပယ်ဖျက်မည် ဖြစ်ပြီး ၂ နှစ်အတွင်း ထိုကုမ္ပဏီ နာမည်ပြန်လည်သုံးစွဲခွင့်ပေးမည် မဟုတ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်က ရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၇ တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် ကုမ္ပဏီဥပဒေအရ ပြည်တွင်းရှိ ကုမ္ပဏီခြောက်သောင်းကျော်သည် ခြောက်လအတွင်း ပြန်လည်မှတ်ပုံတင်ရပြီး ယင်းတို့အနက် ကုမ္ပဏီ ၄၇,၀၀၀ ကျော်သာ ပြန်လည်မှတ်ပုံတင်ခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန် ကြားရေးမှူးဦးမျိုးမင်းက ပြောပါတယ်။

ကျန်ရှိသည့် ကုမ္ပဏီများကို ဇန်နဝါရီ ၃၁ ရက်နောက်ပိုင်း ပြန်လည်မှတ်ပုံတင်ခြင်းကို ခွင့်ပြုမည်မဟုတ်ဘဲ ခိုင်လုံသော အကြောင်းပြချက်ရှိမှသာ ဒဏ်ကြေးပေး၍ ပြန်လည်မှတ်ပုံတင်နိုင်မည် ဖြစ်ကာ ခိုင်လုံသော အကြောင်းပြချက်မရှိပါက ကုမ္ပဏီစာရင်းကို ပယ်ဖျက်မည်ဖြစ်ပါတယ်။ ‘‘စီးပွားရေးဆက်လုပ်ချင်ရင် မှတ်ပုံတင်အသစ်တင်လိုက်ပါ။ မြန်မာတွေက ရပါတယ်ဆိုတဲ့ အကျင့်ကိုတော့ အချိန်ပေးပြီးဖြစ်လို့ ဒီအချိန်မှာ မရတော့ဘူး’’ ဟု ဦးမျိုးမင်းက ပြောပါတယ်။

စာရင်းပယ်ဖျက်ခံရသည့် ကုမ္ပဏီများသည် တရားရုံးဆိုင်ရာ ကိစ္စရပ်များပေါ်ပေါက်လာပါက အသုံးပြုနိုင်ရန် ကွန်ပျူတာ စနစ်အတွင်း ၂ နှစ်ခန့် သိမ်းထားခံရမည်ဖြစ်ပြီး ထို ၂ နှစ်အတွင်း အဆိုပါအမည်ကို သုံးစွဲခွင့်ပေးမည် မဟုတ်ဟုဆိုပါတယ်။ ‘‘ဇန်နဝါရီ ၃၁ ရက်မှာ ပြီးသွားတော့ အခုပြန်လည်စိစစ်နေပါတယ်။ မှတ်ပုံတင်တာတွေ ပယ်ဖျက်သွားတော့မှာပါ’’ ဟု ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် ကပြောပါတယ်။

Daily Eleven

Laws and Regulations Read 620 times