Vietjet လေကြောင်းလိုင်း ထူထောင်သူ ငုယင် သီဖောင်းသိုရဲ့ ဒေါ်လာ ၂၁၁ သန်း ပညာရေးအလှူ ဝေဖန်ခံရ


09 November, 2021

ဗီယက်နမ်နိုင်ငံရဲ့ အချမ်းသားဆုံး အမျိုးသမီးThomas Linacre Nguyen Thi Phuong Thao က အင်္ဂလန်နိုင်ငံမှ Oxford University ရဲ့ ကောလိပ်တစ်ခုသို့ ပေါင် ၁၁၅ သန်း (အမေရိကန်ဒေါ်လာ ၂၁၁ သန်း ) လှူဒါန်းခဲ့ပြီး အလှူထမြောက်ပြီးတဲ့အခါ အဆိုပါကောလိပ် အမည်ကို သူ့အမည်ဖြင့် ပြောင်းလဲခေါ်တွင်မှာ ဖြစ်ပါတယ်။ 

ဘွဲ့လွန်ကို အဓိကထားတဲ့ Linacre College သို့ ငုယင် သီဖောင်းသိုရဲ့ Sovico  လုပ်ငန်းမှ ချက်လက်မှတ်ဖြင့် လှူတန်းလိုက်တာ ဖြစ်ပြီး ချက်လက်မှတ်ဖြင့် ငွေထုတ်ယူပြီးတဲ့အခါ ကောလိပ်အမည်ကို "Thao College " လို့ အမည်ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ 
၁၆ ရာစု အင်္ဂလိပ်ဆရာဝန်တစ်ဦးရဲ့ အမည်ကို  ဗီယက်နမ်တိုင်ကွန်းရဲ့ အမည်ဖြင့် အစားထိုးလိုက်မှာ ဖြစ်ပါတယ်။ 

ငုယင် သီဖောင်းသိုက ဗီယက်နမ်နိုင်ငံသူ ဖြစ်ပြီး ဗီယက်နမ်မှာ ပထမဆုံး ကိုယ်စွမ်းကိုယ်စဖြင့် ဘီလျံနာ ဖြစ်လာတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ 
ငုယင် သီဖောင်းသိုက "ဘီကနီ လေကြောင်းလိုင်း"လို့ သိကြတဲ့ Vietjet လေကြောင်းလိုင်းကို  လုပ်ကိုင်ခဲ့တာမှာ အထူးတလည်အောင်မြင်ခဲ့ပါတယ်။ "ဘီကနီ လေကြောင်းလိုင်း" လို့ ခေါ်ကြတာက လေယာဉ်မယ်တွေကို ရံဖန်ရံခါမှာ ဘီကနီ အဝတ်အစားကို ယူနီဖောင်းအဖြစ် ဝတ်ဆင်စေလို့ ဖြစ်ပါတယ်။

လေကြောင်းလိုင်း ပြက္ခဒိန်ကိုလည်း ဘီကနီဝတ်စုံ သုံးစွဲပြီး ထုတ်ဝေလေ့ ရှိပါတယ်။ ဝေဖန်မှုတွေ ထွက်ပေါ်ပေမဲ့လည်း ငုယင် သီဖောင်းသိုက လျစ်လျူပြုထားပါတယ်။ 
ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်မှာ ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ဈေးသက်သာတဲ့ အစိုးရပိုင် လေကြောင်းလိုင်းကိုသာ စီးကြတယ်။ Vietjet က ဈေးသက်သာတဲ့ ဘတ်ဂျက်လေကြောင်းလိုင်းအဖြစ်ဖြင့် ပျံသန်းပြေးဆွဲခဲ့လို့ လူအများတို့ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းကို အားပေးကြတယ်။ 

Forbes ရဲ့ တွက်ချက်မှုများအရ ငုယင် သီဖောင်းသိုရဲ့ ကြွယ်ဝမှုူအစုစုက အမေရိကန်ဒေါ်လာ ၂.၇ ဘီလျံ ရှိပါတယ်။ HDBank ဘဏ်လုပ်ငန်း၊ အပန်းဖြေစခန်းများ၊ ဟိုတယ်များ၊ စွမ်းအင် စီမံကိန်းများ စသည်တို့ကို လုပ်ကိုင်ပါတယ်။  ဦးပိုင်ကုမ္ပဏီ Sovico ရဲ့ ဥက္ကဋ္ဌအဖြစ်  ငုယင် သီဖောင်းသိုက လုပ်ကိုင်ပါတယ်။ 

၁၉၇၀ ခုနှစ်မှာ ချမ်းသာတဲ့ မိသားစုမှာ ငုယင် သီဖောင်းသို ဖွားမြင်ခဲ့ပါတယ်။ ဘွဲ့ရပြီးတဲ့အခါ ရာဘာနဲ့ ဖက်စ်ဆက်သွယ်ရေးစက် တင်သွင်းတဲ့လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။ ဗီယက်နမ်လေကြောင်းကဏ္ဍမှာ နေရာယူနိုင်ခဲ့ပြီး စီးပွားရေးအင်ပါယာကို ချဲ့ထွင်နိုင်ခဲ့ပါတယ်။ 

ဒေါ်လာ သန်းတစ်ရာကျော်လှူတန်းတာအတွက် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ တချို့က အခုလို လှူတန်းတာကို ဗိယက်နမ်နိုင်ငံ ပညာရေးအတွက် လှူသင့်တယ်လို့ ဆိုကြပါတယ်။ ပျမ်းမျှ တစ်ဦးချင်းဝင်ငွေ ယှဉ်ကြည့်ရင် ဗီယက်နမ်ထက် ၁၄ ဆ ပိုများတဲ့ နိုင်ငံကို ဘာလို့ လှူရတာလဲလို့ မေးခွန်း ထုတ်ကြပါတယ်။ 

အခုလို လှူတန်းတဲ့အတွက် ကောလိပ်အမည်ကို ဗီယက်နမ် အမျိုးသမီးတစ်ဦးရဲ့ အမည် ဖြစ်သွားစေတဲ့အပြင် အလှူငွေမှာ ပေါင် ၇ ဒသမ ၅ သန်းကို ဗီယက်နမ်မှာ ပညာတော်သင်တွေအတွက် ပညာသင်ဆုများ ချီးမြှင့်မှာ ဖြစ်တယ်လို့် နိုင်ငံပိုင် သတင်းဌာနက သတင်းဖော်ပြခဲ့ပါတယ်။ 
  
 Linacre College ကျောင်းသူကျောင်းသားဟောင်းတွေ အကြားမှာလည်း ပွဲဆူခဲ့ပါတယ်။ 
သက်တမ်း ၅၉ နှစ်ရှိပြီဖြစ်တဲ့ ကောလိပ်အမည်က အထွေထွေရောဂါကုဆရာဝန်နဲ့ ဘုန်းတော်ကြီး Thomas Linacre ကို ဂုဏ်ပြုပြီး ပေးထားတဲ့အမည်ကို အာရှသူက ငွေနဲ့ပေါက်ပြီး ဝယ်သွားတယ်လို့ ရှုမြင်ကြသူတွေ ရှိနေပါတယ်။ 

ငုယင် သီဖောင်းသိုက Sovico အမည် ငွေစာရင်းဖြင့် လှူတန်းခဲ့ပြီး  Vietjet အမည် ငွေစာရင်းဖြင့် ဗြိတိန်မှ Rolls-Royce ကုမ္ပဏီရဲ့ လေယာဉ်အင်ဂျင်တွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ဖိုး ဝယ်ယူဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။  Vietjet ကို ဥရောပအထိ ချဲ့ထွင်ပျံသန်းဖို့လည်း ရည်ရွယ်ချက် ထားရှိပါတယ်။ 

လေကြောင်းခရီးစဉ်တစ်ခုကို အမေရိကန်ဒေါ်လာ ၅၀ အောက်မှာ ရှိတဲ့ ဈေးနှုန်းဖြင့် ရောင်းချပြီး ဘတ်ဂျက်လေကြောင်း ပျံသန်းပေးလို့ ဗီယက်နမ်မှာ တစ်ခါမှ လေယာဉ် မစီးဖူးသေးတဲ့သူတွေ လေယာဉ်စီးဖူးသွားတဲ့အပြင် လေယာဉ်ဖြင့် ခရီးသွားလာဖြစ်သွားကြတာ သန်းချီတဲ့ ဦးရေ ရှိပါတယ်။ 

Global News Read 4367 times