ဗီယက်နမ် လယ်ယာထွက်ကုန်များ ထိုင်းနိုင်ငံသို့ တင်ပို့နေ


30 May, 2018

ထိုင်းနိုင်ငံအတွင်းရှိ Big C ဆိုင်ခွဲပေါင်း ၇၀၀ ကျော်မှာ ရောင်းချဖို့အတွက် ဗီယက်နမ်နိုင်ငံရှိ MM Mega Market လက်ကားရောင်းဝယ်ရေး စူပါမားကက်က ဗီယက်နမ် လယ်ယာစိုက်ပျိုးရေးထုတ်ကုန် တန်ချိန် ၁၀၀ ကျော်ကို တင်ပို့ပေးသွားမှာဖြစ်ကြောင်း ဗီယက်နမ်နယူးစ်သတင်းမှာ ဖော်ပြထားပါတယ်။

ပထမအသုတ် တင်ပို့မှုမှာ ကန်စွန်းဥအဝါ၊ ပန်းရောင်ကန်စွန်းဥ၊ နဂါးမောက်သီး၊ သစ်သီးခြောက် စတာတွေ ပါဝင်ပြီး အခုကဲ့သို့ တင်ပို့နိုင်ခြင်းက အရည်အသွေးပြည့်ဝတဲ့ စီးပွားရေးမိတ်ဖက်တွေ ရရှိနိုင်ဖို့အတွက် လမ်ဒေါင်၊ ဘင်သူအန်နဲ့ အခြားဒေသတွေရှိတဲ့ လယ်သမားတွေနဲ့ စူပါမားကက်တွေရဲ့ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်နိုင်မှုကြောင့် ဖြစ်ပါတယ်။

“ပို့ကုန်လိုင်စင်ရပြီးတာနဲ့ တစ်ပြိုင်နက် ထိုင်းနိုင်ငံက ကျွန်တော်တို့ စီးပွားဖက်တွေရဲ့ လိုအပ်ချက်ကို နားလည်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ ပြီးတော့ ယှဉ်ပြိုင်နိုင်မှု အပြည့်အဝနဲ့ ကျွန်တော်တို့ ပေးသွင်းနိုင်မယ့် ပြည်တွင်းကုန်စည်တွေကို ကျွန်တော်တို့ ရှာဖွေပါတယ်။ အခုလို ဆောင်ရွက်တဲ့အတွက် ထိုင်းနိုင်ငံမှာရှိတဲ့ Big C အတွက် ယှဉ်ပြိုင်နိုင်မှုရှိတဲ့ ထုတ်ကုန်အမျိုးမျိုးကို တင်ပို့ပေးနိုင်ရုံမကဘူး၊ ဒေသတွင်းမှာရှိတဲ့ တခြားနိုင်ငံတွေကို အရည်အသွေးပြည့်ဝတဲ့ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်တွေကို တင်ပို့နိုင်အောင် ဗီယက်နမ် ပြည်သူတွေကို ကျွန်တော်တို့ အကူအညီ ပေးနိုင်ခဲ့ပါတယ်” လို့ MM Mega Vietnam ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဖစ်ဆာဒူပုန်ဝါတာနာက ပြောပါတယ်။

နဂါးမောက်သီးမှာ အဓိကတင်ပို့သော ပို့ကုန်ဖြစ်ပေမယ့်လည်း ကန်စွန်းဥကိုလည်း ၄၅ တန်ကျော်အထိ တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ် လယ်ယာထွက်ကုန်တွေက ထူးခြားတဲ့ အားသာချက်တွေ ရှိကြောင်း၊ အထူးသဖြင့် ကန်စွန်းဥမှာ အရည်အသွေးနဲ့ ဘေးကင်းလုံခြုံမှု စံနှုန်းအတွက် စိတ်ချရတဲ့အပြင် ပစ္စည်းပေးသွင်းမှု အင်အားအတွက် အားထားနိုင်တာကိုလည်း တွေ့မြင်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒါတွေကြောင့် ဗီယက်နမ် လယ်ယာထွက်ကုန်တွေက အမှာစာ အများအပြားကို ရေရှည်ရသွားနိုင်တဲ့ အခြေအနေရှိနေတယ်လို့လည်း သိရပါတယ်။

 MOC

Global News Read 414 times