ဗီယက်နမ် လော့ဒေါင်း ဂယက်


03 October, 2021

အထည်ချုပ်ကဏ္ဍမှာ ဆွယ်တာမှ ရှူးဖိနပ်အထိ ထိခိုက်ခဲ့သော ဗီယကမ်နမ်နိုင်ငံ လော့ဒေါင်းသည် တင်းကျပ်ကြီး ရှည်ကြာသဖြင့် မော်တော်ယာဉ် အစိတ်အပိုင်း ကုန်ထုတ်လုပ်မှု၊ ကော်ဖီထုတ်လုပ်မှုအပါဝင် စားသောက်ကုန် ထုတ်လုပ်မှု အစရှိသည့် ကဏ္ဍများလည်း အထိနာကြသည့်အပြင် ကမ္ဘာ့ကုန်စည်အမှတ်တံဆိပ်များ ရောင်းကုန် ပြတ်လပ်သည်အထိ ပြဿနာများ ကြီးထွားခဲ့သည်။  Nike နဲ့ Gap ကဲ့သို့သော ဗီယက်နမ်ထုတ်လုပ်မှုအပေါ် တည်မှီမှု ကြီးမားသည် အမှတ်တံဆိပ်များ အခက်အခဲကြုံကြသည်။ 
ဗီယက်နမ် စက်ရုံများ ယာယီပိတ်ခြင်းမှ ထွက်ပေါ်သောဂယက်သည် ကမ္ဘာ့စီပွားရေးအတွင်း ဖြစ်ပေါ်နေသော ငွေကြေးဖောင်းပွမှု၊ စိုးရိမ်ပူပန်မှုများ ပိုများလာစေပြီး နာလန်ထသည့်နှုန်းကို နှေးသွားစေလိမ့်မည်။


လောဂျစ်စတစ်အခက်

ဟနွိုင်မြို့ အရှေ့ခြမ်းရှိ အထည်စက်ရုံ Hung Yen Knitting & Dyeing မှ အီတလီလူမျိုး ညွှန်ကြားရေးမှူး Claudia Anselmi က စက်ရုံ ဆက်ဖွင့်ခွင့် ရမရကို နေ့စဉ်ပူပန်နေခဲ့သည်။ သူတာဝန်ထမ်းဆောင်သည့် စက်ရုံသည် ဉရောပနှင့် အမေရိကန်တို့မှ Nike, Adidas နှင့် Gap   အပါအဝင် ဖြစ်သော အဝတ်အစား လုပ်ငန်းကြီးအချို့တို့ကို ပစ္စည်းများ ပေးသွင်းသည်။  ထုတ်လုပ်မှုပမာဏ ထက်ဝက်လျော့ကျနေခဲ့သည်မှာ ပြီးခဲ့သည့် နွေဦးတွင် ကိုဗစ်ကူးစက်ပျံ့နှံ့မှုများ ဗီယက်နမ်တွင် စတင်ဖြစ်ပွားစဉ်ကတည်းက ဖြစ်သည်။ လိုအပ်သော ချည်နှင့် ချည်တု ကုန်ကြမ်းများ စဉ်ဆက်မပြတ် ရရှိဖို့ မ‌သေချာသည့် ပြဿနာကို ရင်ဆိုင်နေရသည်။
“အရင်ဆုံး ကျွန်တော်တို့ ကြုံခဲ့ရတာက လူမရှိတဲ့ ပြဿနာ။ လူတိုင်း အိမ်မှာပဲ နေကြရတော့ အလုပ်မဆင်းနိုင်ဘူး’ ဟု သူက ပြောပြသည်။
“ယခုအခါ ခရီးသွားလာတာတွေ တားမြစ်ထားတော့ ကုန်စည်ပို့ဆောင်ရေးမှာ ဒုက္ခရောက်နေကြတယ်။ နှောင့်နှေးကြန့်ကြာတာတွေ အရမ်းကြာနေတယ်” ဟု သူက ပြောသည်။ 
“ကုန်ကြမ်း လက်ကျန်ရှိတာ ကုန်သွားရင် ကျွန်တော်တို့ ရပ်ပြီ” ဟု သူက ပြောသည်။
 စစ်ဆေးရေးဂိတ်များ နေရာအနှံ့ ရှိနေပြီး ခရီးသွားခွင့်ဆိုင်ရာ စည်းကမ်းများက တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဖြစ်နေသဖြင့် ထရပ်ကားယာဉ်မောင်းများ နှင့် လုပ်ငန်းများသည် ကုန်စည်များ ပို့ဆောင်ပေးဖို့ မဖြစ်နိုင်လောက်အောင်ခက်ခဲနေသည်။ ပြည်တွင်းပို့ဆောက်ရေးသာမက ပြည်ပ သွင်းကုန် ထုန်ကုန်များ ပို့ဆောင်ဖို့လည်း အခက်ကြုံရသည်။

FM Logistic Vietnam မှ ဉီးဆောင်ညွှန်ကြားရေးမှူး Hamza Hart က မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသတွင် Can Tho မြို့သို့ ဝင်ခွင့်ရရန် ထရပ်ကား ယာဉ်မောင်းများ သုံးညအိပ် စောင့်ကြရသည်ဟု ပြောကြားသည်။
“သူတို့ခမျာ စားစရာလည်း မရ၊ တခြားဘာမှလည်းမရ စောင့်ကြရပါတယ်” ဟု သူက မြေပြင်အခြေအနေကို ပြောပြသည်။

 

အရွှေ့အပြောင်းများ 

အမေရိကန်- တရုတ်တို့အကြား ကုန်သွယ်ရေး တင်းမာမှုများကြောင့် တရုတ်နိုင်ငံကို စွန့်ခွာပြီး အရှေ့တောင်အာရှ နိုင်ငံများသို့ ပြောင်းရွှေ့ လုပ်ကိုင်သော ပြည်ပလုပ်ငန်း အများအပြားတို့သည် နှောင့်နှေးခြင်းများ၊ တားမြစ်ကန့်သတ်ထားခြင်းများကြောင့် ခေါင်းခဲနေကြသည်။

ဗီယက်နမ် ကိုဗစ်တိုက်ပွဲ၏ အဓိကနေရာဖြစ်သော တောင်ပိုင်းတွင်‌ အထည်ချုပ်ကဏ္ဍသည် ပေးသွင်းရေးကွင်းဆက် ၉၀% အထိ ပြတ်တောက်နေပြီဟု Vietnam Textile and Apparel Association (Vitas) က ဩဂုတ်လတွင် ပြောကြားခဲ့သည်။ 

Nike  က အာကစား အသုံးအဆောင်များ အလုံအလောက် မရရှိသဖြင့် ရောင်းအား ကျဆင်းလိမ့်မည်ဟု ပြောကြားခဲ့သည်။ ဗီယက်နမ် တောင်ပိုင်းတွင် တည်ရှိသော စက်ရုံများ၏ ၈၀% ပိတ်ထားရပြီး ဗီယက်နမ်တွင် လုပ်ကိုင်နိုင်သော အထည်ချုပ်စက်ရုံ ထက်ဝက်နီးပါးတို့ ပိတ်ထားရကြောင်း၊ သို့ဖြစ်ရာ Nike အတွက် ထုတ်ကုန်များ အချိန်မီ မရရှိနိုင်တော့ကြောင်း ပြောကြားခဲ့သည်။ Nike ၏ အာကစား ရှူးဖိနပ် အမျိုးမျိုးတို့၏ ထက်ဝကန်နီးပါကို ဗီယက်နမ်နိုင်ငံတွင် ချုပ်လုပ်ပြီး ထုတ်လုပ်တင်ပို့သည်။ 

စက်ရုံအချို့သည် စက်ရုံဝင်းအတွင်း လုပ်သားများ နေထိုင်စားသောက် အိပ်စက်ရန် စီစဉ်ပေးထားနိုင်သဖြင့် လော့ဒေါင်းချထားသော်လည်း စက်ရုံဝင်းအတွင်း ကုန်ထုတ်လုပ်မှုများ ဆက်လက်လုပ်ကိုင်နိုင်ကြသည်။ သို့သော် ကုန်ကျစရိတ်ကြီးမားနေသဖြင့် တွက်ခြေမကိုက်သောကြောင့် ကုန်ထုတ်လုပ်မှုကို မလုပ်နိုင်ကြဟု Vitas က ရှင်းပြခဲ့သည်။ 

 

ရောင်းအားထိခိုက်

ဂျပန်မှ အမြန်ချုပ် ထုတ်လုပ်ကာ လက်လီရောင်းချသည့် ဖက်ရှင်လုပ်ငန်း အမှတ်တံဆိပ် Uniqlo သည်လည်း ဗီယက်နမ်လော့ဒေါင်းကြောင့် ဆွယ်တာများ၊ ခေါင်းဆောင်းပါဝတ်စုံ ဟွတ်ဒီများ၊ ချွေးစုပ်ဘောင်းဘီများ အစရှိသည်တို့ မလုံလောက်သည့် ပြဿနာကို ကြုံရသည်။ Adidas သည် ထုတ်လုပ်မှု ရပ်ဆိုင်းခြင်းများနှင့်အတူ ပေးသွင်းကွင်းဆက် ပြတ်တောက်မှုများကြောင့် ရောင်းအား အထိနာသဖြင့် ယူရို သန်း ၅၀၀ ယခုနှစ်တွင် နစ်နာမည်ဟု ခန့်မှန်းထားသည်။ 
Nike နှင့် Adidas တို့သည့် ဗီယက်နမ်အစား အခြားနေရာတွင်လည်း ထုတ်လုပ်မှု ပြောင်းရွှေ့လုပ်ကိုင်ရန် စီစဉ်နေသည်ဟု ပြောကြားခဲ့ကြသည်။ 

ဗီယက်နမ်တွင် ကုန်ထုတ်လုပ်မှု လာရောက်လုပ်ကိုင်သော ပြည်ပလုပ်ငန်းများတွင် ၂၀ % ဝန်းကျင်တို့သည် ဗီယက်နမ်မှ ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။ ထိုသို့ ထွက်သွားပြီးပါက ပြန်လာဖို့ ခဲယဉ်းသည်ဟု လုပ်ငန်းရှင်များက သုံးသပ်သည်။ 
Maxport Vietnam မှ လက်ထောက်ညွှန်မှူး Nguyen Thi Anh Tuyet က ဗီယက်နမ်သို့ လာနေကျ အမှာစာများ ရောက်မလာတော့သည့်အပြင် မှာကြားထားပြီးသည်များတွင် ရုပ်သိမ်းသွားကြသည်များလည်း ရှိနေကြောင်း ပြောကြားသည်။ 
“ပြည်ပ အမှာစာတွေ မရတော့ရင် ကျွန်တော်တို့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ပြီ” ဟု သူက ပြောသည်။ သူ့လုပ်ကိုင်နေသော ကုမ္ပဏီသည် Lululemon, Asics နှင့်  Nike တို့အတွက် အပ်ထည်များကို လုပ်သား ၆,၀၀၀ ဝန်းကျင်ဖြင့် လုပ်ကိုင်သည်။

အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍကိုသာမက ကော်ဖီထုတ်လုပ်ရေးကဏ္ဍကိုလည်း ထိခိုက်ခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် robusta ကော်ဖီစေ့ ကမ္ယာ့အများဆုံးထုတ်လုပ်တင်ပို့သည့် နိုင်ငံဖြစ်သည်။ အသင့်ဖျော် ကော်ဖီထုပ်များတွင် အသုံးများသည်. ယခုအခါ ထုတ်ကုန်ပြတ်လပ်မှုများကြောင့် ဈေးနှုန်း လေးဆ မြင့်မားနေသည်။ 

ကားကုမ္ပဏီများလည်း ထိကြသည်။ တိုယိုတာက ဗီယက်နမ်မှ လိုအပ်သော အစိတ်အပိုင်းများး မရရှိသဖြင့် စက်တင်ဘာနှင့် အောက်တိုဘာ လများတွင် ထုတ်လုပ်မှု ပမာဏ လျှော့ချသတ်မှတ်ခဲ့ရသည်။ 


thedailystar.net
 

Global News Read 1978 times