ဒီဇင်ဘာလမှစ၍ ရက် (၉၀) ဗီဇာကင်းလွတ်ခွင့်ရရှိမည်


18 October, 2018

ဂျပန်နှင့် မြန်မာအကြား သံတမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ ရက် (၉၀) ဗီဇာကင်းလွတ်ခွင့်ကို ဒီဇင်ဘာ (၁) ရက်တွင် စတင်ရရှိတော့မည်ဖြစ်ပြီး ယင်းသည် နှစ်နိုင်ငံလုံးမှ နိုင်ငံသားများအကြား ဗီဇာကင်းလွတ်ခွင့်အတွက် ကနဦးလမ်းစပွင့်လာခြင်းမျိုးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၁၆ ရက်က ထုတ်ပြန်ချက်အရ သိရပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၆ ရက်တွင် သတင်းထုတ်ပြန်လာချက်အရ နှစ်နိုင်ငံ သံတမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအနေဖြင့် ရက်ပေါင်း (၉၀) ထက် မကျော်လွန်စေဘဲ နေထိုင်ခွင့် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပြုရေးဆိုင်ရာ သံတမန်စာချွန်လွှာကို လဲလှယ်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁) ရက်မှစ၍ သက်ဝင်မည်ဖြစ်ကြောင်းသိရသည်။

ယင်းထုတ်ပြန်ချက်အရ အစိုးရသံတမန်များသာ ကနဦးအကျုံးဝင်နေခြင်းဖြစ်ပြီး ပြည်သူများအတွက် မပါဝင်သေးကြောင်း၊ သို့သော်လည်း ၂၀၁၉ ခုနှစ် ဧပြီလခန့်တွင် နှစ်နိုင်ငံလုံးမှ ပြည်သူများ ဗီဇာကင်းလွတ်ခွင့်ကို စတင်မျှော်မှန်းခွင့် ရှိလာလိမ့်မည်ဖြစ်ကြောင်းသံတမန်အသိုင်းအဝန်းနှင့် ခရီးသွားအသိုင်းအဝန်းဘက်က မှတ်ချက်ပြုသည်။

အဆိုပါထုတ်ပြန်ချက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်သို့ သွားခဲ့သော ခရီးစဉ်အပြီး ရက်ပိုင်းအတွင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကာ ခရီးစဉ်၏ သက်ရောက်ကောင်းကျိုးတစ်ခုလည်း ဖြစ်ကြောင်းသုံးသပ်မှုများ ရှိလာသည်။

အောက်တိုဘာလ ၁၆ ရက်က ထုတ်ပြန်ချက်၏ နောက်ဆက်တွဲအဖြစ် ကျောင်းသားကျောင်းသူများ၊ အလုပ်အကိုင်ရှာဖွေလိုသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ဗီဇာလျှောက်ထားရမှုများတွင် ပို၍ လွယ်ကူချောမွေ့လာနိုင်ဖွယ်ရှိကြောင်း ဂျပန်သင်တန်းကျောင်းတစ်ခုက သုံးသပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံဝန်ထမ်းများ၏ ပြည်ပခရီစဉ်များ၊ ပညာတော်သင်များ၊ နိုင်ငံကိုယ်စားပြု အားကစားသမားများနှင့် ပြည်ပသံရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းနှင့် မိသားစုဝင်မာျးအတွက် သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပေးလျက်ရှိသည်အထိ ပြုပြင်ပြောင်းလဲရေးများကို စတင်နေပြီဖြစ်ကြောင်းလည်း ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်သည်။

ယင်းအပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနသို့ နိုင်ငံကူးလက်မှတ်အသစ် လာရောက်လျှောက်ထားရာတွင် ပိုမိုအဆင်ပြေလွယ်ကူစေရန်နှင့် လိုအပ်သည့် စာရွက်စာတမ်းများ ဖြေလျော့ပေးနိုင်ရန် ၁-၁၀-၂၀၁၈ ရက်မှ အစပြု၍ ပြည်ပထွက်ခွာခွင့် ခွင့်ပြုမိန့် (DO) ၊ နိုင်ငံခြားရေးရာ မူဝါဒကောက်မတီ (FAPC) အမှာစာများနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာများကို ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနသို့ ပေးပို့ရန် မလိုအပ်တော့ကြောင်း ဝန်ကြီးဌာန အသီးသီးသို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်တွင် အကြောင်းကြားစာပေးပို့ထားပြီးဖြစ်သည်ဟု သိရသည်။

 

Local News Read 513 times